ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော်ကုန်ကျမည့် မြို့သစ် ရခုတည်ဆောက်ရန် ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော်ကုန်ကျမည့် မြို့သစ် ရခုတည်ဆောက်ရန် ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

ရန်ကုန်၊ ဇွန် ၁၉ ။       ။ ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော်(၁ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)ကုန်ကျမည့် မြို့သစ် ၇ခု တည်ဆောက်ရန် ဇွန် ၁၉ရက်က ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည်။

မြေဧကပေါင်း တစ်သိန်းကျော်ပေါ်တွင်အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်း ၇ခုအတွက်ဆုံးဖြတ်ချက်ကို လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၁၁၃၊ ကန့်ကွက်မဲ ၂၊ ပယ်မဲ ၁ ဖြစ်သည်။

အတည်ပြုလိုက်သည့် မြို့သစ်စီမံကိန်းများတွင် ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်၊ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင် မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်နှင့် လှည်းကူးမြို့သစ်တို့ ဖြစ်သည်။ အဆိုပါ စီမံကိန်းများကို အကောင် အထည်ဖော်ရန် ရန်ကုန်အစိုးရအဖွဲ့၏ ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က တိုင်းလွှတ်တော်၏ ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်သည်။

"စီမံကိန်းနယ်မြေတွေမှာ စိုက်ပျိုးရေးဖြစ်ထွန်းတဲ့မြေတွေပါသလို စိုက်ပျိုးရေးဖြစ်ထွန်းခြင်းမရှိတဲ့မြေတွေလည်း ပါဝင်တာဖြစ် လို့ ဒေသဝမ်းစာ စပါးဖူလှုံရေးအတွက် စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ မြေတွေကို ဇုန်အဖြစ် သတ်မှတ်ချန်လှပ်ပြီး မြေအသုံးချမှုကို သတ်မှတ်ပြီးမှသာ စီမံကိန်းများ အကောင်အထည်ဖော်မှာ" ဟု မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်တွင် ပြောသည်။

အတိုက်အခံအမတ်ဖြစ်သူ ဒေါက်တာညိုညိုသင်းကမူ "သိမ်းဆည်းခံလယ်ယာမြေ အဟောင်းတွေကိုတောင် ပြန်မပေးဘဲနဲ့ လယ်မြေသစ်တွေကို ဧက သိန်းချီပြီး ထပ်မံသိမ်းဦးမယ်ဆိုရင် ပြည်သူများက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမှ ဟုတ်ပါလေစလို့ ပြည်သူများက မေးခွန်းထုတ်ကြမှာဖြစ်ပါတယ်" ဟု ဝေဖန်သည်။

အတည်ပြုလိုက်သည့် မြို့သစ်စီမံကိန်းများ၏ စီမံကိန်းနယ်မြေနှင့် ကုန်ကျစရိတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၄၉၁ ဒဿမ ၂၃ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၁၇၃၇၅ ဧက

စီမံကိန်းနယ်မြေ - အရှေ့ဘက်တွင် တလပန်းရွာမှ သရက်ပင်ချောင်အထိ၊ တောင်ဘက်တွင် သရက်ပင်ချောင်၊ မစိုကားလမ်း အတိုင်း၊ ၎င်းမှ မြို့ရှောင်လမ်းအတိုင်း ငမိုးရိပ်ချောင်းအထိ၊ အနောက်ဘက်တွင် ငမိုးရိပ်ချောင်းအ တိုင်း၊ ၎င်းမှ လှည်းကူးမြို့နယ် အတိုင်း ရှမ်းတဲကြီးချောင်းအထိ၊ မြောက်ဘက်တွင် လှည်းကူးမြို့နယ်နယ်နိမိတ် တွင်း ရေကျော်ချောင်း၊ မအူချောင်းမှ ပဲခူးမြစ် ကမ်းထိ။

ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၃၀၇၀ ဒဿမ ၆ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၂၁၇၁၆ ဧက

စီမံကိန်းနယ်မြေ -အရှေ့ဘက်တွင်ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်း ပန်းလှိုင်မြစ်ဆုံရာမှရန်ကုန်မြစ်အတွင်း တွံတေးတူးမြောင်း ဆုံရာအထိ၊ တောင်ဘက်တွင် ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်းအတိုင်း တူးမြောင်းကူးတံတားအထိ၊ အနောက်ဘက်တွင် လှိုင်သာယာ - တွံတေးကားလမ်းအတိုင်း ပန်းလှိုင်မြစ်ကူးတံတားအထိ၊ မြောက်ဘက်တွင် ပန်းလှိုင်မြစ်တောင်ဘက်မြစ်ကမ်း အတိုင်း ရန်ကုန်မြစ်ဆုံရာအ ထိ။

သန်လျင်မြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၉၂၆ ဒဿမ ၅၂ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၂၁၁၉၃ ဧက

စီမံကိန်းနယ်မြေ - အရှေ့ဘက်တွင် ပဲခူးမြစ်အရှေ့ဘက်ကမ်း ဒေးဇက်ရွာမှ သူဌေးကွင်းရွာသွားကားလမ်းအ တိုင်း၊ တောင်ဘက် တွင်အမှတ်(၆)လမ်းမကြီးအတိုင်း သန်လျင်မြို့ပတ်လမ်းဆုံရာအထိ၊အနောက်ဘက်တွင် သန်လျင်မြို့ပတ်လမ်းအတိုင်း ဒဂုံတံတား အထိ၊ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်တွင် ဒဂုံတံတားမှ ပဲခူးမြစ် အရှေ့ဘက်လမ်းအတိုင်း ဒေးဇက်ရွာအထိ။

ဒလမြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၁၈၆၈ ဒဿမ ၇၇ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၁၅၁၇၃ ဧက

စီမံကိန်းနယ်မြေ - အရှေ့ဘက်တွင် ရန်ကုန်မြစ်အနောက်ဘက်ကမ်း၊ သီလဝါတစ်ဖက်ကမ်း၊ တောင်ဘက်တွင် သီလဝါတစ် ဖက်ကမ်း၊ ရန်ကုန်မြစ်ကမ်းမှ ပျော်ဘွယ်ကြီးကျေးရွာ၊ ရန်ကုန်ပေါက်ရွာသို့ ဆက်သွယ်သည့်ရွာလမ်း အတိုင်း၊ မြောက်ဘက်တွင် ရန်ကုန်ပေါက်ရွာမှ ညောင်ငုတ်တိုသို့ ဆက်သွယ်သည့်ရွာလမ်းအတိုင်း။
 

ထန်းတပင်မြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၁၂၆၂ ဒဿမ ၈၇ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၂၄၇၄၈ ဧက

စီမံကိန်းနယ်မြေ - အရှေ့ဘက်တွင် လှိုင်သာယာ - ထန်းတပင်နယ်နိမိတ်အတိုင်း၊ တောင်ဘက်တွင် အမှတ်(၅) လမ်းမကြီး ၏ တောင်ဘက် ကျောက်ကြီးရွာမှ ပန်းလှိုင်မြစ်မြောက်ဘက်ကမ်းအတိုင်း ကျွဲဒရွတ်၊ စန္ဒယောက်အရှေ့စု၊ အနောက်ဘက်တွင် ထန်းတပင်နှင့် အမှတ်(၅)လမ်းဆက်သွယ်သည့် လမ်း၏အနောက်ဘက် မရွေဥ၊ စက်ကလေးသွားရွာလမ်း အတိုင်း၊မြောက်ဘက် တွင် အနောက်ပိုင်းတက္ကသိုလ်မှ ထန်းတပင်သွား ကားလမ်း၏ အနောက်မြောက်ဘက်အတိုင်း။
 

မှော်ဘီမြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၂၇၁ ဒဿမ ၉၇ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၁၁၅၉၄ ဧက

စီမံကိန်းနယ်မြေ - အရှေ့ဘက်တွင် အမှတ်(၄)လမ်းမကြီး၊ သဲဖြူရွာနှင့် လိပ္ပုတ်ရွာတော်ဆက်သွယ်သည့် ရွာလမ်း၊ တောင်ဘက် တွင် ရွှေပြည်သာ - မှော်ဘီနယ်နိမိတ်အတိုင်း လှိုင်မြစ်အရှေ့ဘက်လမ်း၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် လှိုင်မြစ်အရှေ့ ဘက်ကမ်း ဝါးတရာအရှေ့မှ ဝါးရုံကုန်း၊ မှော်ဘီမြို့တောင်ဘက် မှော်ဘီချောင်းနှင့် ရွာလမ်းအတိုင်း။

လှည်းကူးမြို့သစ်

ခန့်မှန်းကုန်ကျစရိတ် - ၂၈၅ ဒဿမ ၅၅ ကျပ်ဘီလီယံ

စီမံကိန်းဧရိယာ - ၆၉၃၃ ဧက

စီမံကိန်းနယ်မြေ - အရှေ့ဘက်တွင် အင်းတိုင်ရွာမှ ဆားတလင်းရွာအထိ အမှတ်(၂)လမ်းမကြီး၏ အနောက်ဘက်၊ တောင်ဘက် တွင် ဆားတလင်းရွာမှ ကျွန်းကုန်းရွာအထိ လှည်းကူး - ဒါးပိန်လမ်းအတိုင်း၊ အနောက်ဘက်တွင် ကျွန်းကုန်းရွာမှ အုန္နဲကုန်းရွာ အထိ၊ မြောက်ဘက်တွင် အုန္နဲကုန်းရွာမှ အင်းတိုင်ရွာအထိ ရန်ကုန် - ပဲခူးလမ်းမကြီး၏ အရှေ့တောင်ဘက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly