ဗုံးပေါက်ကွဲမှုအတွက် တရားစွဲခံထားရသူများကို အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း

ဗုံးပေါက်ကွဲမှုအတွက် တရားစွဲခံထားရသူများကို အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း
၂၀၁၃ခုနှစ် အောက်တိုဘာလက ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ်) ဗုံးပေါက်ကွဲသည့်ညတွင် လုံခြံုရေးယူထားသည့် ရဲများကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန် ဇွန် ၁၉ ။    ။ ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုလာအတွင်းက ဖြစ်ပွားခဲ့သည့် ဆူးလေရှန်ဂရီလာ (ယခင်ထရိတ်ဒါး) ဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုအတွက် တရားစွဲဆိုခံထားရသူများကို အမိန့်ချမည့် ရုံးချိန်းကို တရားသူကြီးမ အားသဖြင့် ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

အဆိုပါအမှုများအတွက် စောမြင့်လွင်(ခ)မောထ၊ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ကုမ္ပဏီယာဉ်မောင်း ကိုဇော်လတ်မော်တို့ သုံးဦးကို ပေါက်ကွဲစေတတ်သည့် ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့သုံးဦးကို မူလက ဇွန် ၁၂ရက်တွင် အမိန့်ချရန် ချိန်းဆိုထားပြီး ဇွန် ၁၉ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်းသို့ချိန်းဆိုပြီးနောက် ဇွန် ၁၉ ရက်ရုံးချိန်းတွင် အမိန့်ချမည့် ဒုတိယခရိုင် တရားသူကြီး (၅) မအားသဖြင့် ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းခြင်း ဖြစ်သည်။

အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက "တရားသူကြီးက ကမာရွတ်ရဲစခန်းမှာ အချုပ်သားတွေကို စစ်ဆေးဖို့ တာဝန်ကျတဲ့အတွက်ကြောင့် ရုံးချိန်းထပ်ပေးလိုက်တာဖြစ်ပါတယ်၊ ဇူလိုင် ၃ ရက်ကို ရုံးချိန်း ထပ်ချိန်းထားပါတယ်။ " ဟုပြော သည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့နယ် အတွင်းရှိ ယခင် ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်အတွင်းရှိ WESTERNPARK RUBY စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်နှင့် တတိယပတ် ဝန်းကျင်က ရန်ကုန်တိုင်းအတွင်းရှိ စော်ဘွားကြီးကုန်း၊ သာကေတမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင်လည်း ဗုံးပေါကွဲမှုကြောင့် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုဖြစ်စဉ်များ၊ ဗုံးလန့်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly