ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်စဉ်များကို မီဒီယာများ သတင်းရယူနိုင်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်စဉ်များကို မီဒီယာများ သတင်းရယူနိုင်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
မီဒီယာများ သတင်းရယူနိုင်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းသည့် အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်မှ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ပတ်သက်၍ ပြောကြားနေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်များနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရေးနှင့် မီဒီယာများ သတင်းရယူနိုင်ရေးအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဇွန် ၁၈ ရက်က စတင်ဖွဲ့စည်းလိုက်သည်ဟု  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။

ဇွန် ၁၈ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူး ရုံး၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းထုတ်ပြန်ရေးအဖွဲ့တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ် ခေါင်းဆောင်၍ ရဲအရာရှိ ၁၁ ဦးဖြင့်ဖွဲ့ စည်းထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က "မီဒီယာတွေအနေနဲ့ နယ်မြေရဲစခန်းတွေကို သွားရောက် သတင်းရယူတဲ့အခါမှာ အီးယူသင်တန်း မတက်ထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရင် အခက်အခဲ ကြုံရတတ်ပါတယ်။ အခုလို သတင်းထုတ်ပြန်ရေး ဖွဲ့လိုက်တဲ့အတွက် ရုံးခန်းကို ဆက်သွယ်လာရောက် သတင်းယူနိုင်ပါတယ်"  ဟုပြောသည်။

အဆိုပါသတင်း ထုတ်ပြန်ရေးအဖွဲ့မှာ ရဲတပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားခြင်းကြောင့် ၎င်းတို့၏ မူလတာဝန်များအပြင် သတင်းထုတ်ပြန်ရေးကိုပါ ဆောင်ရွက်ရခြင်း၊ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ယခုမှ စတင်ဆောင်ရွက်ရခြင်းတို့ကြောင့် စတင်ဆောင်ရွက်သည့် ကာလများတွင် လိုအပ်ချက်အချို့ ကြုံတွေ့ပါက သတင်းမီဒီယာများက ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း ၎င်းက ဆိုသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးမြင့်ထွေးက "ရုံးချိန်အတွင်း သတင်း ထုတ်ပြန်ရေးအဖွဲ့ကို လာရောက်ဆက်သွယ်မေးမြန်းလို့ ရသလို ညပိုင်းဖြစ်တဲ့ သတင်းကို မေးချင်ရင် သက်ဆိုင်ရာ နယ်မြေစခန်းနဲ့ အဖွဲ့က လူတွေရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်" ဟု ပြောသည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး  မြန်မာဂျာနယ်လစ် ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က " အခုလို ရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းလုပ်ဆောင်တာဟာ အပြုသဘောဆောင်တယ်လို့တော့ လတ်တလော မြင်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ သတင်းတွေထုတ်ပြန်တဲ့အခါ ဘယ်လောက် အထိ ပွင့်လင်းမြင်သာမှု ရှိနိုင်မလဲဆိုတာကတော့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ရ ပါဦးမယ်" ဟု ပြောသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မြန်မာနိုင်ငံရဲချုပ်၏ ခွင့်ပြုချက်အရ အီးယူ အဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly