NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး အပါအဝင် အချက်နှစ်ချက်တောင်းဆို

NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး အပါအဝင် အချက်နှစ်ချက်တောင်းဆို
ဒုတိယအကြိမ် NNER ညီလာခံကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသူ ဇွန် ၁၈ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-NNER Facebook)

ရန်ကုန်၊ ဇွန် ၁၈ ။      ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏ ဒုတိယအကြိမ် ပညာရေး ညီလာခံ ပထမနေ့တွင် ကျောင်းသား များ ပြန်လည်လွှတ်မြောက်ရေး အပါအဝင် အချက်နှစ်ချက်ကို ညီလာခံက တောင်းဆိုလိုက် သည်။

ပညာရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံကူညီသူများကို ချက်ချင်းလွှတ်ပေး ရန်(၂)လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ သဘောတူညီပြီးဖြစ်သည့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁)ချက်ကို အမြန်ဆုံး အကောင် အထည်ဖော်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက “အဓိကက အချက်နှစ်ချက်ကို တောင်းဆိုခဲ့တာပါ။ NNERရဲ့ သဘောထားပါ။ အစိုးရက သဘောတူညီထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်သလို ကျောင်းသားတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ” ဟုပြောသည်။

Education, Peace and Democracy in the ethnic nationality area၊ Edcation and Right အကြောင်းကို ဆွေးနွးခဲ့ကြသည်ဟုလည်း ဒေါက်တာအာကာ မိုးသူက ပြောသည်။

ညီလာခံကို ဇွန်လ ၁၈ ရက်မှ ၂၀ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည့် ညီလာခံ ပထမနေ့ကို လူဦးရေ ၇၀၀ခန့် တက်ရောက်ခဲ့သည် ဟု NNER ၏ မူဝါဒရေးရာ လုပ်ငန်းအဖွဲ့ဝင် မသူသူမာက မဇ္ဈိမကိုပြောသည်။

မသူသူမာက “အခု NNERက တောင်းဆိုခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပညာရေးစနစ်က အကောင်အထည် ဖော်မလာသလို ပညာရေးဥပဒေကြမ်းကို ဆွေးနွေးခဲ့တဲ့ ကျောင်းသားတွေလည်း မရှိတော့ပါဘူး။ ပြီးတော့ အစိုးရက ကတိပေးပြီး ဖော်ဆောင်ပေးမယ်ဆိုတဲ့ အချက် ၁၁ ကိုလည်း ပြောစကားနဲ့အညီ ဆောင်ရွက်ပေးရမှာပါ” ဟုပြောသည်။

လက်ရှိ လွှတ်တော်က ပြဋ္ဌာန်းရန်ကြိုးပမ်းနေသည့် အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍လည်းယင်းဥပဒေသည် NNERနှင့် ကျောင်းသားတို့ တောင်းဆိုထား သည့် အချက်များပါဝင်မှု နည်းပါးပြီး ဗဟိုချုပ်ကိုင်မှု များပြားနေဆဲဖြစ်သည်ဟုလည်း မသူသူမာကဆိုသည်။

NNER၏ နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ အားနည်းချက်၊ အားသာချက်များကိုလည်း ညီလာခံတွင် ညှိနှိုင်း အဖြေရှာသွားမည်ဟုဆို သည်။

ညီလာခံကို NNER၏ ကွန်ယက်အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ ၊ ကျောင်းသားများဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ပထမအကြိမ် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ပြီးခဲ့သော ၂၀၁၂ခုနှစ် အောက်တို ဘာ၆ ၊ ၇ ရက်များက ရန်ကုန်၊အင်းစိန်မြို့နယ်ရှိ ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီအသီးသီးနှင့် ပညာရေး၊ ဘာသာရေး ဘုန်းတော် ကြီးသင်ကျောင်းများ အပါအဝင် ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းဆရာ နှင့် တက္ကသိုလ်ဆရာများ စသည့်အဖွဲ့ ၁၄ ဖွဲ့တို့ ပါဝင်ပြုလုပ်ခဲ့သည်။

ထို့နောက်တွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန် ရက်၊Thinking Classroom Foundation၊ Educationalist Network၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ Generation Wave၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ တက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂများ (ဗ.က.သ၊ တ.က.သ၊ က. သ.ဖ)၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် ကျောင်းများ တိုင်းရင်းသားပညာရေး အဖွဲ့အစည်း များနှင့် ပညာရှင်များက စတင်ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags