ဖားကန့်ရဲကင်းနှစ်ခုတွင် ဗုံးပေါက်ကွဲကာ ရဲအရာရှိနှစ်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာရ

ဖားကန့်ရဲကင်းနှစ်ခုတွင် ဗုံးပေါက်ကွဲကာ ရဲအရာရှိနှစ်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာရ

ချင်းမိုင်၊ ဇွန် ၁၈ ။        ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ ရဲတပ်ဖွဲ့များ၏ ရဲကင်းများတွင် ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ခဲ့ပြီး ရဲအရာရှိ နှစ်ဦးနှင့် ရဲဘော် တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဇွန်လ ၁၇ ရက် ညပိုင်းတွင် လုံးခင်း ဆိတ်မူကျေးရွာအုပ်စု နတ်မော်ကျေးရွာရှိ အစိုးရ လုံခြုံရေး စခန်းနှင့် ဥရုချောင်း တံတားထိပ် အနီးရှိ လုံခြုံရေးစခန်းတို့တွင် လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရသဖြင့် ဒုရဲမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် အခြား ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

“ကျနော်တို့ အကြမ်းဖျင်းအနေနဲ့ ဆိုရင်တော့ လုံးခင်းနယ်ဘက်နဲ့ ကားမိုင်းနယ်ဘက်၊ မရှီကထောင်ရပ်ကွက်က ဥရုရတနာကျောက် စိမ်းတောင် တံတားရယ်။နောက်ပြီး ဆိတ်မူက နတ်မော်မှာတခု ဖြစ်တယ်။ ဒုရဲမှူးတယောက် ဒဏ်ရာရသွားပါတယ်။ ပြီးရင် ကားမိုင်း လုံးခင်းဘက်မှာ ဖြစ်တာက တပ်က ဗိုလ်ကြီးတယောက် ဒဏ်ရာ ရသွားပါတယ်။ အခြားတစ်ဦးဒဏ်ရာရပါတယ်”ဟု သူက ပြောသည်။

အဆိုပါ ဒဏ်ရာရသူများ၏ အခြေအနေကို စကခ (၇)အား အသေးစိတ်မေးမြန်းနိုင်ကြောင်းနှင့် ဒဏ်ရာရသူများသည် ဖားကန့်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ၎င်းက ပြောသည်။

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်စိုးကမူ “မနေ့က ည ၈ နာရီ ၁၁ မိနစ်မှာ ဗုံးတလုံး ပေါက်ကွဲတယ်။ အဲဒီပေါက်ကွဲတဲ့ဗုံးက လုံး ခင်းရဲ့အရှေ့ဘက် ပေ ၃၀၀ လောက်အကွာမှာ ဖြစ်တယ်။ ထိခိုက်တာမရှိပါဘူး။။ နောက်တလုံးက ၈ နာရီ ၅၈ မိနစ်မှာ လုံးခင်းအုပ်စုကနေ ၃ မိုင်လောက်ဝေး တဲ့ နေရာမှာ ဖြစ်တယ်။ လက်ပစ်ဗုံးဖြစ်ဖို့ များတယ်။ တဆက်တည်းပဲ နောက်ပိုင်း ကျနော်တို့ သတင်းရရှိတာက ဖားကန့် ဥရုချောင်းတံတားမှာ ရှိတဲ့ ရဲကင်းကို ဗုံးပစ်ပေးတယ်။ အဲဒီ့မှာ ရဲနှစ်ယောက် ဒဏ်ရာရတယ်။ ဆိတ်မူအုပ်စုမှာလည်း ပေါက်ကွဲမှုလေးတွေ ရှိတယ်လို့ ကြားသိရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေသဖြင့် ထိပ်လန့်မှုများ မရှိတော့ဟု ဖားကန့်မြို့ခံများက ပြောသည်။ လက်ရှိ အနေအထား အရ အစိုးရ စစ်တပ်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားသည့် နေရာသည်လည်း လုံးခင်းမှ အလှမ်းဝေးသည့် တောဘက်တွင်သာ တိုက်ပွဲ ဖြစ်ပွားသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

ဖားကန့်-မိုးကောင်း ကားလမ်းပေါ်ရှိ ဇွတ်အောင်ယန်နှင့် နဂါးညီနောင် ဆိုသော နေရာများတွင် ဇွန်လ ၁၇ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲသတင်း မကြားသေးဟုဆိုသည်။

ဖားကန့်မြို့နယ် ရဲစခန်း တာဝန်ရှိသူ တစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေသော်လည်း ဇွန် ၁၈ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု ပြောသည်။

ဇွန်လ ၁၅ ရက် အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ တပ်စခန်းရှိရာသို့ အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly