ဖမ်းဆီးခံ ကျောင်းသား ကိုနန္ဒစစ်အောင်နှင့် မပိုပိုအပါအဝင် ၀န်းရံပြည်သူ တစ်ဦးကို ဇွန် ၂၅ တွင်စတင် စစ်ဆေးမည်

ဖမ်းဆီးခံ ကျောင်းသား ကိုနန္ဒစစ်အောင်နှင့် မပိုပိုအပါအဝင် ၀န်းရံပြည်သူ တစ်ဦးကို ဇွန် ၂၅ တွင်စတင် စစ်ဆေးမည်
လက်ပံတန်းကျောင်းသားသပိတ် ထောက်ခံဆန္ဒပြ၍ နိုင်ငံတော်အကြည်ညိုပျက်စေမူ အပါ၀င် ပုဒ်မ ၄ ခုဖြင့် အမူရင်ဆိုင်နေရသော ဗကသကျောင်းသူ ပိုပို နှင့် ၀န်းရံပြည်သူ ကို၀င်းကျော့မှူးကို ဇွန်လ ၁၁ရက်က ရုံးထုတ် ရမန်ယူပြီး ပြန်ထွက်လာစဉ် ။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ရန်ကုန် ဇွန် ၁၇ ။        ။ လက်ပံတန်းရှိ ကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းသည့် အတွက်   ၂၀၁၅ ခုနှစ်၊ မတ် ၁၀ ရက်က  ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှပြည် လမ်းတစ်လျှောက်  လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူများ ဖြစ်သော ကိုနန္ဒစစ်အောင်၊ မပိုပိုနှင့် ဝန်းရံပြည်သူ တစ်ဦးကို လာမည့်ဇွန် ၂၅ ရက်တွင် စတင်စစ်ဆေး သွားမည်ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

အမှုအတွက် ဗကသကျောင်းသားများဖြစ်သည့် ကိုကျော်ကိုကို၊ကိုနန္ဒစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုဂျိမ်းစ်၊ မပိုပိုနှင့် ဝန်းရံပြည်သူတစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူး တို့ကို ကမာရွတ်မြို့နယ်တရားရုံးတွင် နိုင်ငံတော် အကြည်အ ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အပါအဝင် လူစုလူဝေးဆိုင်ရာပုဒ်မများဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇  စသည့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဇွန် ၁၇ ရက်၊ ကိုးကြိမ်မြောက်ရုံးချိန်းတွင် သာယာဝတီအကျဉ်းထောင်မှ ကိုနန္ဒစစ်အောင်၊ မပိုပို နှင့် ကိုဝင်းကျော့မှူးကို ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန် ယူခဲ့ပြီး လာမည့်ဇွန် ၂၅ ရက်တွင် တရားလိုဖြစ်သည့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကိုစတင်စစ်ဆေးသွားမည်ဖြစ်သည်။

အမှုကိုလာပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က " ကျန်တဲ့သုံးယောက်ကို ဖမ်းမမိသေး တဲ့အတွက် သူတို့ကိုမျက်ကွယ်စစ် မှာဖြစ်ပါတယ်၊ လာမယ့်ရုံးချိန်းမှာတရားလိုကို စတင်စစ်ဆေးမှာပါ။" ဟုပြောသည်။

ကိုဝင်းကျော့မှူးကိုအခင်းဖြစ်ပွားသည့်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ မပိုပိုကိုဧပြီ ၈ ရက်ကဖမ်းမိခဲ့ခြင်းဖြစ်ကာ လွတ်မြောက်နေသူများကိုလည်း ဆက်လက်ဖမ်းဆီးသွား မည်ဟု ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်မတ် ၁၀ ရက်၊ မွန်းလွဲ ၂နာရီခန့်က လက်ပံတန်းရှိပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်၊ လှည်းတန်းဈေးမှစတင်၍ပြည်လမ်းတစ်လျှောက် ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့ကြသည့် ကိုဝင်းကျော့မှူး၊ ကျော်ကိုကို၊ နန္ဒစစ်အောင်၊ ဂျိမ်းစ်၊ ရှိန်းရာဇာထွန်းနှင့် မပိုပိုတို့ခြောက်ဦးကို ကမာရွတ်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly