အစိုးရဝန်ကြီးများ လွှတ်တော်တွင် ဝေ့လည်ကြောင်ပတ်ဖြေကြားနေဟု အမတ်တို့ဝေဖန်

အစိုးရဝန်ကြီးများ လွှတ်တော်တွင် ဝေ့လည်ကြောင်ပတ်ဖြေကြားနေဟု အမတ်တို့ဝေဖန်
ရန်ကုန်တိုင်း လွှတ်တော်တွင် လွှတ်တော်တက်နေသည့် ဝန်ကြီးများကို ဇွန် ၁၇ရက် နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို)

ရန်ကုန်၊ ဇွန် ၁၇ ။     ။ လွှတ်တော် အမတ်တို့၏ လွှတ်တော်တွင်း မေးမြန်းချက်များအား သက်ဆိုင်ရာအစိုးရ အဖွဲ့၏ ပြန်လည်ဖြေ ရှင်းချက်များသည် မေးခွန်းနှင့် အဖြေလွဲချော်ကာ ဝေ့လည်ကြောင်ပတ်ဖြစ်နေသည်ဟု ရန်ကုန်တိုင်းလွှတ်တော်အမတ် တစ်ချို့ က ဝေဖန်လိုက်သည်။

"တာဝန်ရှိသူ ပြန်လည်ဖြေကြားချက်များသည် မေးခွန်းနဲ့ ဖြေကြားချက်လွဲချော်ပြီး ဝေ့လည်ကြောင်ပတ် အဖြစ်မျိုးနဲ့ ကြုံတွေ့နေရပါ တယ်" ဟု ဒေါပုံမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးသောင်းစိန်က ဇွန်လ ၁၇ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော် အစည်း အဝေးတွင် ပြောသည်။

၂၀၁၄ခုနှစ်အတွင်းက ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ၎င်းမေးမြန်းသော ဥပဓိရုပ်မကောင်းသည့် မြို့နယ် အားကစားရုံ အနီးတဝှိုက်တွင် အငှားချ ထားသော အလုပ်ရုံများကို ဖယ်ရှားပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးက အားကစားရုံ၏ ဖြစ်စဉ်သမိုင်းကိုသာ ပြန်ဖြေခဲ့သည်ကို ရည်ညွှန်းပြီး ဦးသောင်းစိန်က ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

အတိုက်အခံအမတ်တစ်ဦးဖြစ်သည့် ဗဟန်းမြို့နယ်မှ ဒေါက်တာညိုညိုသင်းကလည်း "ဦးသောင်းစိန်ပြောတာ မှန်ပါတယ်။ လွှတ်တော်သက်တမ်းတစ်လျှောက် အတွေ့အကြုံအရဆိုရင် အစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မေးမြန်းချက်တွေကို မကြာခဏ ဝေ့လည်ကြောင်ပတ်ဖြေနေတာ တွေ့ရတယ်။သူတို့မေးချင် ရာမေး ငါတို့ဖြေချင်တာဖြေမယ်ဆိုတဲ့သဘော၊ လွှတ်တော်ကို ဂရုမစိုက်တဲ့ သဘောပေါ့" ဟု မဇ္ဈိမကို ပြောသည်။

လွှတ်တော်အမတ်များအနေဖြင့် ၎င်းတို့ သိရှိလိုသည့် မေးမြန်းချက်များကို လွှတ်တော်အစည်းအဝေးကျင်းပရန် အနည်းဆုံး ရက်သတ္တပတ်အလိုတွင် လွှတ်တော်ရုံး သို့ ပေးပို့ရပြီး အဆိုပါ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ဝန်ကြီးက စာဖြင့်ကြိုတင်ရေးသားထားသည့် အဖြေကို လွှတ်တော်တွင်ဖတ်ပြ ပြီး ပြန် လည်ဖြေကြား လျက်ရှိသည်။

လွှတ်တော်အမတ်တို့၏ မေးမြန်းချက်နှင့် အစိုးရအဖွဲ့၏ ဖြေကြာချက်များ ကွဲလွဲနေရခြင်းမှာ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးလျှင် အနည်းဆုံး ဝန်ကြီးဌာန ၄ခုကို တာဝန်ယူထားရသောကြောင့်ဖြစ်ကြောင်း၊ ကိုယ်တိုင်ကွင်းဆင်းလေ့လာခြင်းမရှိဘဲ အောက်ခြေဝန်ထမ်း အဆင့်ဆင့်၏ တင်ပြချက်များကို အခြေခံပြီး ဖြေကြားနေခြင်းကြောင့်ဖြစ်ကြောင်း အာဏာရပါတီအမတ်ဖြစ်သူ ဆိပ်ကမ်းမြို့နယ်မှ ဦးနေမျိုးအောင်က သုံးသပ်သည်။

"လွှတ်တော်မှာတော့ ဒါတွေဒါတွေ မေးနေပြီဆိုပြီး ညွှန်မှူးတွေကို လွှဲလိုက်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ပြန်တက်လာတဲ့အဖြေတွေကို လွှတ်တော်မှာ လာဖတ်ပြ ပြီး ဖြေကြားတဲ့အခါကျတော့ ကိုယ်တို့လိုချင်တဲ့အဖြေနဲ့ လွဲနေတာမျိုး ရှိတာပေါ့"  ဟု ဦးနေမျိုးအောင်က ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်မှ အတိုက်အခံအမတ်တစ်ဦးဖြစ်သူ ဦးကျော်ကမူ အမတ်တို့၏ မေးမြန်းချက်နှင့် ပြန်လည်ဖြေကြားချက် လွဲချော်မှုအများဆုံးမှာ စည်ပင်သာယာရေး ဝန်ကြီးဖြစ်သည်ဟု ဝေဖန်ပြောဆိုသည်။
 
"အများဆုံး ဝေ့လည်ကြောင်ပတ်ဖြေတာက စည်ပင်ပဲဗျ။ ဥပမာအားဖြင့် ကျွန်တော်ကမေးတယ်ဗျာ၊ ကျွန်တော်မြို့နယ်မှာ ရေမြောင်းတွေတူးပေးဖို့ပေါ့။ အဲ့ဒါကို လှိုင်သာယာမှာတော့ ဘယ်လောက်တူးနေပြီ။ ဘယ်မှာတော့ ဘယ်လောက်တူးနေပြီ၊ စုစုပေါင်းဘယ်လောက်တူးနေပြီ၊ ဒါပဲ ဖြေတယ်" ဟု ဦးကျော်က မဇ္ဈိမ ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly