အပြည်ပြည်ဆိုင်ရာ စံနှုန်းများအနက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု နှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကိုသာ မြန်မာ ဦးစားပေးဖော်ဆောင်နေ

အပြည်ပြည်ဆိုင်ရာ စံနှုန်းများအနက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု နှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကိုသာ မြန်မာ ဦးစားပေးဖော်ဆောင်နေ
အလုပ်သမားများ၏ နစ်နာမှုများအတွက် ဆန္ဒပြတောင်းဆိုစဉ်။ (ဓာတ်ပုံ-ဘိုဘို)

ရန်ကုန်၊ ဇွန်လ ၁၇ ။      ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းများအနက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့ စည်းမှုနှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး ကိုသာ အလေးပေးဆောင်ရွက်နေပြီး ကျန်ရှိနေသည့် စံနှုန်းများကိုလည်း အကောင်အ ထည်ဖော်ရန် လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို မြန်မာနိုင်ငံအလုပ်သမား အကြံပေး ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည့် ဒေါ်ဖြိုးစန္ဒာစိုးက မဇ္ဈိမကိုပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမားများနှင့် ပတ်သက်၍ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် အတော်အသင့် ရရှိနေပြီဖြစ်ပြီး အဓမ္မခိုင်းစေမှုပရောက်ရန် ကြိုး စားနေဆဲ အခြေအနေလည်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဒေါ်ဖြိုးစန္ဒာစိုးက “ အသင့်အတင့်ရနေပြီ ကြိုးစားနေဆဲဖြစ်တယ် ဆိုပေမယ့် သူများနိုင်ငံလောက် ရနေပြီလားဆိုရင် မရသေးဘူး။ အလုပ်သမားတွေနဲ့ ပတ်သက်ရင် အလုပ်ချိန်၊ လုပ်အားခ၊ ဘေးအန္တရယ်ကင်းရှင်းရေးမှာပဲဖြစ်ဖြစ် သူများလောက်မရသေးဘူး။ ”ဟုပြောသည်။

နိုင်ငံပြုပြင်ပြောင်းလဲချိန်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ၏ နည်းပညာများ၊ အကူအညီများ ပိုမိုရရှိလာပြီး ပြဌာန်းချက် ၁၈၉ချက်အနက် အလုပ်သမားများ အတွက် ရရှိနိုင်သည့် အခွင့်အရေးများ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် နည်းစနစ်များကို အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရက ရယူ သုံးစွဲ၍ နိုင်ငံအကျိုးအတွက် ဆောင်ရွက်သင့်သည်ဟုလည်း ၎င်းကအကြံပြုပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ နှစ်ကုန်၌ အဓမ္မခိုင်းစေမှု ပပျောက်ရန် ILOနှင့် လက်မှတ်ရေးထိုးထားသော်လည်း ယနေ့တိုင် ကြိုးစားနေဆဲ အနေအထားသာ ရှိနေသေး သည်။

အလုပ် ပြဋ္ဌာန်းချက်တစ်ခုခြင်းစီအား မည့်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နေသလဲ ဆိုသည်ကို ILOက အနီးကပ်စောင့်ကြည့် လေ့လာနေ သည်ဟု လည်း ဒေါ်ဖြိုးစန္ဒာစိုးက ကဆိုသည်။

အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့သင်တန်းကျောင်း မြန်မာနိုင်ငံတွင်လိုအပ်နေသည့်အတွက် ILOက သင်တန်းကျောင်းများလာရောက် ဖွင့်လှစ်ပေးရန်လည်း ILO တာဝန်ရှိသူအား အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောဆိုခဲ့သည်ဟု အလုပ်သမားကိုယ်စာလှယ် အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကိုပြောသည်။

အလုပ်သမားကိုယ်စာလှယ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က “အဆင့်အတန်းမှီတဲ့ လက်မှတ်ရတဲ့ ILOအသိအမှတ်ပြု သင်တန်းဆင်းတွေ ရှိဖို့လိုတယ်။ အဲ့တာကို ဝန်ကြီးကပြောခဲ့တယ်။ သူတို့က (ILO)က လုပ်ပေးမယ်လို့တော့ပြောတယ်။ ဒါပေမယ့် နှစ်ရှည် သွားရမှာဆိုတော့ ဒီနှစ်ထဲမှာ ဆွေးနွေးပြီး နောက်နှစ်ထဲမှာ စပြီးလုပ်လို့ရမယ်လို့တော့ ထင်တယ်”ဟုပြောသည်။

၁၄၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC)ကို ဆွီဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ (ILO) အခြေစိုက်ရုံး ချုပ်တွင် ဇွန်လ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး ILO စံနှုန်းများ ကျင့်သုံးရေးကော်မတီ၊ အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးခြင်း၊ ဥပဒေ ကာကွယ်မှုအောက်တွင် မရှိသော၊ စနစ်တကျ စုဖွဲ့မှုမရှိသော လုပ်ငန်းအမျိုးအစားများအား ဥပဒေ အကာအကွယ်အောက်တွင် စနစ်တကျစုဖွဲ့မှု မရှိသော လုပ်ငန်းအမျိုးအစားများအား ဥပဒေအကာအကွယ်အောက်တွင် စနစ်တကျ စုဖွဲ့ထားသော လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးခြင်း (အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ခြင်း)တို့ကို ဆွေးနွေးခဲ့ကြသည်။

ILOတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၆ နိုင်ငံပါဝင်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ ဆွေးနွေးအတည်ပြုထားသည့် ပြဌာန်းချက်များ၊ အကြံပြုချက်များ၊
လိုက်နာဆောင်ရွက်ရန် သင့်သော အချက်များရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly