ဦးကိုကိုကြီးအပါအဝင် ငါးဦးကို မြို့နယ် တရားရုံးသို့ လာရောက်ခိုင်း သော်လည်း ဖြေရှင်းသူ မရှိ၍ ပြန်လာရ

ဦးကိုကိုကြီးအပါအဝင် ငါးဦးကို မြို့နယ် တရားရုံးသို့ လာရောက်ခိုင်း သော်လည်း ဖြေရှင်းသူ မရှိ၍ ပြန်လာရ

ရန်ကုန် ဇွန် ၁၅ ။        ။ ၂၀၁၄ ခုနှစ်အတွင်းက အားကစားကွင်းပြန်လည်ရရှိရေးအတွက် တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ၅ ဦး၏အမှုကို တရားရုံးသို့တရားစွဲဆိုတင်ပို့နိုင်ခြင်းမရှိသေးဘဲ ဇွန်လ ၁၅ရက် ကတရားရုံးသို့ လာရောက်ခိုင်းသော်လည်း ဖြေရှင်းပေးမည့်သူ မရှိ၍ ပြန်လာရသည်ဟု ၎င်းတို့က ယင်းနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။

အမှုဖွင့်ခံထားရသူ ၅ ဦးကို ဇွန် ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ လာရောက်ရန် တောင်ဥက္ကလာ မြို့မ ရဲစခန်းက ဇွန် ၁၃ ရက်က အကြောင်းကြားခဲ့၍ သွားရောက်ခဲ့သော်လည်း ယင်းနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်အချိန်ထိ တရားသူကြီးရောက်လာခြင်းမရှိခဲ့သဖြင့် ဆက်လက်စောင့်ဆိုင်း ခဲ့ခြင်း မပြုဘဲ ပြန်လာပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံခန်းတွင် အမှုနှင့်ပတ်သက်၍ မီဒီယာများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရသူများတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းဦးမျိုးခင်က "ကျွန်တော်တို့တရားရုံးကိုမနက် ၁၀နာရီတိတိမှာရောက်သွားပေမယ့် တရားသူကြီး အပါအဝင် ကျွန်တော်တို့ကိုတာဝန်ယူ ဖြေရှင်းပေးမယ့်သူ တစ်ယောက်မှ မရှိတာကြောင့်နာရီဝက်စောင့်ပြီး ၁၀ နာရီခွဲမှာပြန်လာပါ တယ်၊ နောက်ထပ်ဆင့်ခေါ် စာမရောက်မချင်း ကျွန်တော်တို့တရားရုံးကိုထပ် မသွားပါဘူး။ " ဟုပြောသည်။

အများပြည်သူပိုင်ဆိုင်သည့် ကစားကွင်းတစ်ခုကို နိုင်ငံရေးပါတီတစ်ခုက ကိုယ်ကျိုးဆောင်ရွက်ခြင်းသည် လက်ခံနိုင်စရာကိစ္စရပ်တစ်ခု မဟုတ်ဘဲ ကစားကွင်းပြန် လည်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည်ဟု ဦးကိုကိုကြီးက ပြောသည်။

တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က " အများပြည်သူပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ဦးတစ်ယောက်ကကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ရင် အပက (၃) နဲ့တရားစွဲလို့ရပါတယ်၊ အများပိုင်အားကစားကွင်းပြန် လည်ရရှိဖို့ဆန္ဒဖော်ထုတ်သူတွေကိုတရားစွဲပြီး၊ အများပိုင်အားကစားကွင်းကို ကိုယ်ကျိုးအတွက် အသုံးပြုနေမှုကိုလဲဘာလို့အရေးမယူလဲဆိုတာ မေးခွန်း ထုတ်စရာပါ။ " ဟုပြောသည်။

တောင်ဥက္ကလာပမြို့ နယ်၊ (၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိကလေး အားကစားကွင်းနှင့် ပန်းခြံတည်ရှိသည့်နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီမှ ကွန်ဒိုအဖြစ်ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် လူအင်အားတစ်ရာ ခန့် က အဆိုပါအားကစားကွင်းရှေ့တွင်  ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၄ ရက်က  ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့သို့ခွင့်ပြုမိန့်တင်ခဲ့ရာတွင် တာမွေမြို့နယ်၊ ကျိုက်က္ကဆံကွင်းရှိဟစ်တိုင်၌ သာဆန္ဒဖော်ထုတ်ခွင့်ပြု ခဲ့သော် လည်း အားကစားကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးကိုကိုကြီးအပါအဝင် ၅ ဦးကိုပုဒ်မ ၁၉ ဖြင့် ယင်းနေ့၌ပင်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပုဒ်မ ၁၉ သည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးလ၊ ငွေ ဒဏ်ဖြစ်ပါက ငွေကျပ်တစ်သောင်းပြစ်ဒဏ်ချမှတ်နိုင်သည်ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရာတွင်ဦးဆောင်ပါဝင်သည့် ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဥိးမျိုးခင်၊ တောင်ဥက္ကလာပ မြို့နယ် NLD အဖွဲ့ဝင်ဒေါက်တာစောနိုင်၊ကိုနိုင်ကိုလင်းနှင့် ကိုအောင်မော်(ခ)  စစ်အောင်တို့ငါးဦးကိုတောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၅၂၈/၁၄၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် အမှု ဖွင့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly