အာဏာရပါတီကိုဝေဖန်ကာ သမိုင်းမလှသည့်လွှတ်တော်ဖြစ်မည်ဟု ပြောသည့်အမတ် သတိပေးခံရ

အာဏာရပါတီကိုဝေဖန်ကာ သမိုင်းမလှသည့်လွှတ်တော်ဖြစ်မည်ဟု ပြောသည့်အမတ် သတိပေးခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ အဆိုတစ်ခုကို လွှတ်တော်အစည်းအဝေးတွင် ထောက်ခံဆွေးနွေးစဉ် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီကိုဝေဖန်သည့် လွှတ်တော်အမတ်တစ်ဦးအား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်သည်။

အာဏာရပါတီ၏ သဘောဆန္ဒအတိုင်းသာ အတည်ဖြစ်နေပါက သမိုင်းမလှသည့် လွှတ်တော်ဖြစ်လိမ့်မည်ဟု ဝေဖန် ပြောဆိုသည့် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်အမတ် ဦးမြင့်ကြည်အား လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့ခြင်းဖြစ်သည်။

"အာဏာသုံးရပ်ပိုင်းခြားထားခြင်းကို တတ်နိုင်သမျှဆိုတဲ့စကားလုံးထည့်ပြီး အချင်းချင်းအပြန်အလှန်ထိန်း ကျောင်းမှုကို ခွင့်ပြုထားပါတယ်။ ဒါ့ကြောင့် အစိုးရသည် လွှတ်တော်၏ ထိန်းကျောင်းခြင်းကိုခံယူဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်မှာဆိုရင် အထူးသဖြင့် အတိုက်အခံ၏ ထိန်းကျောင်းခြင်းကို ခံယူရမှာဖြစ်ပါတယ်။ အတိုက်အခံ တင်သမျှ ပယ်ချနေလို့မရပါဘူးခင်ဗျာ။ အာဏာရပါတီရဲ့သဘောအတိုင်းသာ လုပ်နေရင် လွှတ်တော်ရဲ့သမိုင်း မလှမပဖြစ်ပါလိမ့်မယ်ခင်ဗျာ"

"ကျွန်တော်တို့လွှတ်တော်ဟာ လေးနှစ်ခွဲလုံးလုံး အစိုးရကို အလိုလိုက်ခဲ့ပြီးဖြစ်ပါတယ်။ အခုအဆိုရှင်တင်ပြတဲ့ အဆိုဟာ ရည်ရွယ်ချက်အလွန် ကောင်းမွန်လို့ လွှတ်တော်က အတည်ပြုပေးသင့်ပါတယ်။ တစ်ကယ်လို့ အာဏာရပါတီရဲ့ သဘောအတိုင်းသာ လွှတ်တော်မှာဖြစ်နေရင် ၂၀၁၆မှာ ပေါ်ပေါက်လာမယ့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အတွက် ကျွန်တော်အလွန်စိုးရိမ်ပါတယ်ခင်ဗျာ" ဟု ဦးမြင့်ကြည်က အဆိုကို ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

အစိုးရအကောင်အထည်ဖော်သည့် စီမံကိန်းများအား စောင့်ကြပ်မည့် ကော်မတီတစ်ရပ်လည်း ရန်ကုန်တိုင်းလွှတ်တော်တွင် မရှိကြောင်း ဦးမြင့်ကြည်က ဆက်လက်ပြောဆိုစဉ် "မဆိုင်တာတွေကို ခင်ဗျား မဆွေးနွေးဖို့ သတိပေးတယ်" ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇ကို ပြန်ကြည့်ရန်လည်း လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့သေးသည်။ အခြေခံဥဥပဒေပုဒ်မ ၁၆၇(က)တွင်မူ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်အနေဖြင့် ဥပဒေပြုရေးနှင့် တိုင်းရင်းသားလူမျိုးများအရေးအတွက် လိုအပ်သည့်အခါ လွှတ်တော်အမတ်များဖြင့် ကော်မတီနှင့် အဖွဲ့များကို ဖွဲ့စည်းနိုင်သည်ဟု ပြဌာန်းထားသည်။

"လွှတ်တော်ထဲမှာလုပ်တာဟာ ၄၅မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ သဘောပေါက်ဖို့ လိုပါတယ်" ဟုလည်း ဦးမြင့်ကြည်၏ ဆွေးနွေးမှုအပြီး လွှတ်တော်ဥက္ကဋ္ဌက ထပ်မံပြောဆိုသည်။

သတိပေးခံရသည့် ဦးမြင့်ကြည်သည် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။

ဦးမြင့်ကြည်သည် ဇွန်လ ၁၂ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ခုံးကျော်တံတား စီမံကိန်းများအပါအဝင် စီမံကိန်းအချို့၏ အရည်အသွေးနှင့် အကျိုးသက်ရောက်မှုများကိုဆန်းစစ်ရန် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပေးရန် ရန်ကုန်အစိုးရသို့ တိုက်တွန်းကြောင်း အတိုက်အခံအမတ် ဒေါက်တာညိုညိုသင်း၏အဆိုကို ထောက်ခံဆွေးနွေးစဉ် သတိပေးခံရခြင်းဖြစ်သည်။

ဦးမြင့်ကြည် သတိပေးခံရမှုအပေါ် အဆိုရှင် ဒေါက်တာညိုညိုသင်းက "အန်တီ့ကိုထောက်ခံတဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ pressure(ဖိအား)ပေးတယ်လို့ပဲ ခံစားရတယ်" ဟု မဇ္ဈိမကို ပြောသည်။

အဆိုရှင်၏ ရည်ရွယ်ချက်မှာ ခုံးကျော်တံတားစီမံကိန်းများနှင့် စီမံကိန်းအချို့၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် စီမံကိန်းများ၏ အရည်အသွေးတို့ကို ဆန်းစစ်လေ့လာရန် လွတ်လပ်၍ အမှီအခိုကင်းသည့် တတ်သိပညာရှင်များ၊ အများယုံကြည်လေးစားသူများပါဝင်သော စုံစမ်းစစ်ဆေးလေ့လာရေးကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းရန် ဖြစ်သည်။

ရန်ကုန်အစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဦးကျော်စိုးကမူ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် တိုင်းအစိုးရအနေဖြင့် ပညာရှင်များ၊ မြို့မိ၊ မြို့ဖများပါဝင်သည့် တည်ဆောက်ရေး လုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဆောင်ရွက်လျက်ရှိသောကြောင့် ဒေါက်တာညိုညိုသင်း၏ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ဝန်ကြီး၏ ပြောဆိုချက်အပေါ် ဒေါက်တာညိုညိုသင်းက "ဘယ်လောက်ပဲ ကော်မတီဖွဲ့ထားတယ်ပဲပြောပြော ပါဝင်တဲ့သူတွေကိုကြည့်လိုက်ရင် အစိုးရခန့်တွေပဲဖြစ်ပါတယ်။ မြို့မိ၊ မြို့ဖဆိုတာလည်း အယောင်ပြပါတဲ့သဘောပါပဲ" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ထို့ကြောင့် လွှတ်တော်၏ အဆုံးအဖြစ်ကိုရယူရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ကာ မတ်တပ်ရပ်စနစ်ဖြင့် မဲခွဲခဲ့ပြီး ဒေါက်တာညိုညိုသင်း၏ အဆိုကို နှစ်ဦး(ဒေါက်တာညိုညိုသင်းနှင့် ဦးမြင့်ကြည်)ကသာ ထောက်ခံခဲ့သည့်အတွက် အဆိုရှုံးနိမ့်သွားသည်။

ရန်ကုန်တိုင်းလွှတ်တော်တွင် လွှတ်တော်အမတ်ဦးရေ ၁၂၃ဦးရှိပြီး အာဏာရပါတီအမတ် ၇၇ဦး၊ တပ်မတော်သားအမတ် ၃၁ဦး၊ တ.စ.ညပါတီအမတ် ၈ဦး၊ တသိပုဂ္ဂအမတ် ၁ဦးနှင့် အခြားပါတီများမှ ၇ဦးတို့ အသီးသီး နေရာယူထားသည်။

စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ဟောင်းများဖြင့် ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အာဏာရပါတီဖြစ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly