ယခင်ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှု စွဲချက်တင်ခံရသူများကို အမိန့်ချရန် ရက်ရွှေ့ဆိုင်း

ယခင်ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှု စွဲချက်တင်ခံရသူများကို အမိန့်ချရန် ရက်ရွှေ့ဆိုင်း
၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြံုရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ ဆူးလေရှန်ဂရီလာ (ယခင်ထရိတ်ဒါးဟိုတယ်) ဗုံးပေါက်ကွဲမှုအတွက် စွဲချက်တင်ခံထားရသူများအား အမိန့်ချမှတ်မည့် ရက်ကို ဇွန် ၁၉ ရက်သို့ရွှေ့ဆိုင်း လိုက်သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုအတွက် ပေါက်ကွဲစေတတ်သည့် ဥပဒေပုဒ်မ ၃ ဖြင့်တရားစွဲဆိုခံထားရသည့် ကိုစောမြင့်လွင်(ခ)မောထ၊ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ကုမ္ပဏီယာဉ်မောင်းကိုဇော်လတ်မော်တို့သုံးဦးကို ဇွန် ၁၂ ရက်တွင် အမိန့်ချမည်ဟု တရားစွဲဆိုခံထားရသည့် မိသားစုဝင်များကပြောကြားထားခဲ့သည်။

သို့သော် ဇွန် ၁၂ ရက်ရုံးချိန်းတွင် အမှုကိုကိုင်တွယ်စစ်ဆေးနေသည့် အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၅) ကဇွန် ၁၉ ရက်တွင်အမိန့် ချမှတ်ရန်အတွက် ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ၎င်းတို့ကို ကို အလုံမြို့နယ် WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိခဲ့မှုအတွက် လည်း တရားစွဲဆိုခံထားရပြီး ယင်းအမှုကိုလည်းဇွန် ၁၉ ရက် တွင် အမိန့်ချမှတ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့ နယ်အတွင်းရှိ ယခင်ကုန် သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင်အ လုံမြို့နယ်အတွင်းရှိ WESTERNPARK RUBY စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်နှင့် တတိယပတ်ဝန်း ကျင်က ရန်ကုန်တိုင်းအတွင်းရှိ စော်ဘွားကြီးကုန်း၊ သာကေတမြို့နယ်တို့ တွင် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်းရှိမြို့ကြီး အချို့တွင်လည်း ဗုံးပေါကွဲမှုကြောင့်လူသေဆုံးမှု
နှင့် ဒဏ်ရာရရှိမှုဖြစ်စဉ်များ၊ ဗုံးလန့်မှုများဆက်တိုက်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags