ဖုန်ကြားရှင် အပြောနှင့် အလုပ် ညီ မညီ စောင့်ကြည့်မည်ဟု ဦးရဲထွဋ်ပြော

ဖုန်ကြားရှင် အပြောနှင့် အလုပ် ညီ မညီ စောင့်ကြည့်မည်ဟု ဦးရဲထွဋ်ပြော

နေပြည်တော် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ရောက်ရှိသည့် ဇွန် ၁၀ ရက် ည ၁၂ နာရီတွင် ဦးဇုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာခဲ့ခြင်းအပေါ် ဦးဖုန်ကြားရှင်၏ ပြောစကားနှင့် အလုပ်တို့ညီ မညီကို စောင့်ကြည့်ရမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။

“ဖုန်ကြားရှင်အဖွဲ့ဘက်က ကြေညာချက်တစ်ခု ထုတ်တာပေါ့လေ။ အဲဒီကြေညာချက်ကိုလည်း ကျွန်တော်တို့လေ့လာနေဆဲပဲ ရှိပါသေးတယ်၊ ကျန်တာတော့ မှတ်ချက်မပေးနိုင်ဘူး၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်နဲ့ပတ်သက်နေသလားလို့ခင်ဗျားမေးတယ်။ မသိဘူးဗျ၊ အဲဒါကတော့ ဦးဖုန်ကြားရှင်ကို မေးမှ သိနိုင်မှာလေ၊ ကျွန်တော်တို့ကတော့ သူ့ရဲ့ပြောစကားနဲ့အလုပ်နဲ့ညီလားမညီလား။ ဒါကို စောင့်ကြည့်နေတုန်းပဲ ရှိသေးတယ်” ဟု ၎င်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မီဒီယာနှင့်တွေ့စဉ် မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့သည်။

MNDAA ၏ကြေညာချက်အပေါ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်ကလည်း “ဒေသကို ချစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုရင် ကိုယ့်ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် လုပ်ရမယ်၊ အခုလို တောက်လျှောက်ကြီး တိုက်နေရင် ဒေသခံ ပြည်သူတွေ အရမ်းနစ်နာတယ်၊ MNDAA တစ်နေ့ညက ထုတ်တဲ့ ကြေညာချက်ကို ကျွန်တော်တို့အနေနဲ့ကြိုဆိုပါတယ်” မဇ္ဈိမကို ပြောသည်။

“အခုလို တစ်ဖက်သတ် ချက်ချင်းကြီး အတိုက်ရပ်သွားတာဟာ တရုတ်ပြည်အစိုးရရဲ့ တောင်းဆိုချက်အရလို့တော့ ဖုန်ကြားရှင်ရဲ့စာထဲမှာပါတယ်။ ရွေးကောက်ပွဲကြီးလည်း နီးလာပြီ၊ မိုးတွင်းလည်းရောက်နေပြီ၊ ဒုက္ခသည်တွေလည်း တစ်ဘက်ကမ်းမှာ များနေပြီ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးသာ လဲယူလိုက်လို့ရှိရင်တော့ အခုလို အိမ်မပြန်နိုင်တဲ့ ရဲဘော်တွေလည်း ပြန်နိုင်မယ်၊ ဒေသခံပြည်သူတွေလည်း မြန်မာနိုင်ငံအတွင်း ကြိုက်တဲ့နေရာ နေလို့ရမယ်။ ကိုယ့်ဒေသမှလည်း ရွေးကောက်ပွဲ ကျင်းပခွင့်ရနိုင်မယ်” ဟုလည်း လောက်ကိုင်မြို့နယ်အမတ်က ပြောသေးသည်။

ယခုကဲ့သို့စစ်ရပ်စဲသွားသဖြင့် လောက်ကိုင်ဒေသ အပေါ်ဘက် ပါစင်ကျော်၏ အရှေ့ခြမ်း ရှင်းထန်တို့တားသုံးတို့ဘက်ကိုရောက်နေသည့် ဒေသခံစစ်ပြေးဒုက္ခသည်များကို ပြန်ခေါ်၍ ရမှာဖြစ်ကြောင်း၊ စုစုပေါင်း အိမ်ခြေ နှစ်ထောင်ကျော်ခန့် ရှိကြောင်းလည်း ဦးကျော်နီနိုင်က ပြောသည်။

“စစ်ဘေးဒုက္ခသည်က အားလုံး ကိုးသောင်းကျော်လောက်ရှိမယ် မှန်းထားတယ်၊ ကျွန်တော်တို့ တစ်နှစ်လောက် ကူညီထောက်ပံ့ပေးရမယ့် ဒုက္ခသည်က ခြောက်သောင်းတစ်ထောင်လောက် မှန်းထားတယ်။ ဒုက္ခသည်အများစုက တရုတ်-မြန်မာ နယ်စပ်လိုင်းပေါ်မှာပဲ ရှိသေးတယ်၊ တရုတ်အစိုးရကလည်း ဇွန် ၂၀ ရက်နေ့အပြီး ကိုယ့်ဒေသကိုယ် ပြန်ကြဖို့ပြောထားတယ်” ဟုလည်း သူက ရှင်းပြသည်။

ယနေ့နံနက်ပိုင်းတွင် ကိုးကန့်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ၎င်းတို့ ဖုန်းအဆက်အသွယ် ရခဲ့ရာ လောက်ကိုင်ဒေသ အတော်အေးချမ်းနေပြီဟု သိရကြောင်းလည်း ၎င်းက ပြောသည်။

“ဒီမနက် လောက်ကိုင်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ဖုန်းပြောဖြစ်တော့ အေးချမ်းသွားပြီလို့ပြောတယ်၊ အရင်ရက်တွေတုန်းက MNDAAက ၅ ရက်နေ့ ဝင်လာတော့မလိုလို ၆ ရက်နေ့ ဝင်လာတော့မလိုလို၊ နောက်ပိုင်းမှာ ၁၀ ရက်နေ့ဝင်လာ မလိုလို ၁၁ ရက်နေ့ဝင်လာမလိုလို သတင်းတွေ ပြန့်ပြီး ဒေသခံတွေ စိုးရိမ်ပူပန်နေကြရတယ်။ အခုလို ကြေညာချက် ထုတ်လိုက်တော့ ဒေသခံတွေလည်း စိတ်အေးရသလို အဲဒီရောက်နေတဲ့ ဒုက္ခသည်တွေလည်း စိတ်ချလက်ချ ပြန်လာကြလို့ရတာပေါ့။  ပွိုင့် ၁၁၁၊ ၁၁၂ နဲ့၁၁၃ အဲဒီနေရာလေးတွေပဲ ကျန်တယ်။ လက်နက်နဲ့ငြိမ်းချမ်းရေးလဲဖို့ နိုင်ငံတော်သမ္မတက ကမ်းလှမ်းထားတဲ့အတိုင်း ဖြစ်နိုင်ရင် အခုလို အနေအထားမှာ သမ္မတနဲ့ သူတို့ဆွေးနွေးသင့်တယ်။ ကိုယ်လက်ခံနိုင်တဲ့ အနေအထားကို ယူပြီး ဆွေးနွေးကြပြီး လက်နက်နဲ့ငြိမ်းချမ်းရေး လဲလိုက်ရင် ကျွန်တော်တို့ကိုးကန့်တစ်မျိုးသားလုံး အတွက် အင်မတန်ကောင်းသွားမယ်”ဟုသူက ပြောသည်။

ဦးဖုန်ကြားရှင်၏ “တရုတ်နိုင်ငံအစိုးရမှ တရုတ်-မြန်မာ နယ်စင်တည်ငြိမ်ရေးအတွက် ပြင်းပြသည့် တောင်းဆိုမှု၊ မြန်မာနိုင်ငံပြည်သူများ ဒီမိုကရေစီ ဖြစ်စဉ်နှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်းပြသည့် ဆန္ဒများကို တုံ့ပြန်ရန်အတွက် MNDAA က တစ်ဘက်သတ် စစ်ရပ်စဲရန် ဆုံးဖြတ်ပြီး မိမိကိုယ်ကို ကာကွယ်သည့် အခွင့်အရေးကို ဆက်လက် ဆုပ်ကိုင်သွားမည်။ ထို ဆုံးဖြတ်ချက်သည် ဇွန်လ ၁၀ ရက်နေ့ည ၁၂ နာရီမှ စတင် အကျုံးဝင်သည်။” ဟူသော ကြေညာချက်တွင် “မိမိကိုယ်ကို ကာကွယ်သည့် အခွင့်အရေးကို ဆက်လက် ဆုပ်ကိုင်သွားမည်။” ဟူသည့် ရပ်တည်ချက်အရ မြန်မာ့တပ်မတော်က လုပ်ထုံးလုပ်နည်းအတိုင်း MNDAA တို့တပ်စွဲရာ ပွိုင့်များအား ဆက်လက် ရှင်းလင်းမည်ဆိုလျှင် မည်သည့်အကျိုးဆက်များ ဖြစ်လာမည်နည်း စသည့် ပူပန်စရာ များစွာလည်းရှိနေသည့် အတွက် ဦးရဲထွဋ် ပြောသည့်အတိုင်း စောင့်ကြည့်ကြရမည့် အခြေအနေသာရှိကြောင်း လွှတ်တော်အမတ်တို့က သုံးသပ်ပြောကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags