ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ထောင်ကျနေသည့် တရုတ် နိုဘယ်ဆုရှင်ကို လွှတ်ပေးမည် မဟုတ်ဟု တရုတ်အစိုးရ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ထောင်ကျနေသည့် တရုတ် နိုဘယ်ဆုရှင်ကို လွှတ်ပေးမည် မဟုတ်ဟု တရုတ်အစိုးရ ပြောကြား

ပေကျင်း၊ ဇွန် ၁၀ ။        ။ ၎င်း၏ နိုဘယ်ဆုရဖက် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိလာခဲ့သည့်အတွက် ထောင်ဒဏ်ကျခံနေရသော နိုဘယ် ငြိမ်းချမ်းရေးဆုရှင် လျူ ရှောင် ပို (Liu Xiaobo) အား ချမှတ်ထားတဲ့ ပြစ်ဒဏ်စီရင်ချက်ကို ပြောင်းလဲ ရန် အကြောင်းမရှိဟု တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့ ကပြော ကြားသည်။

တက်ကြွလှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ ခရီးစဉ်အတွင်းတွင် လျူကို ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့်ပတ်သက် ၍ စကားအချို့ပြောကြားရန် တနင်္ဂနွေနေ့အထိ တရုတ်နိုင်ငံ တွင် ရှိနေမည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေးနေ ကြသည်။ လျူအကြောင်း တစ်စွန်းတစ်စ ဖော်ပြခြင်း သည်ပင်လျှင် အာဏာရ ကွန်မြူနစ်ပါတီကို အရှက်ရသွားစေနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လျူကို လွှတ်ပေးရန် မေတ္တာရပ်ခံချက်ကို နားထောင်ပါမည်လားဟု မေးမြန်းသည့်အခါတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင် လဲက တရုတ် တရားရေးစနစ်၏ ဥပဒေနှင့်အညီ ချမှတ်ထားသည့် စီရင်ချက်ကို ပြောင်းလဲစရာအကြောင်းမရှိဟု တုံ့ပြန်ဖြေကြားခဲ့သည်။     

လျူမှာ တစ်ပါတီစနစ် အဆုံးသတ်ရန် တိုက်တွန်းသည့် ပန်ကြားမှုတစ်ခုကို စည်းရုံး လှုံ့ဆော်မှုကြောင့် နှောင့်ယှက် ဖျက်ဆီးမှု စွဲချက်များဖြင့်၂၀၀၉ ခုနှစ်က ထောင် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထောင်ချခံရပြီး နောက်တစ်နှစ်တွင် နိုဘယ် ငြိမ်းချမ်းရေး ဆု ရရှိခဲ့သည်။

၂၅ နှစ်တာအတွင်း နိုင်ငံတွင် ပထမဆုံး လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်မည့် နိုဝင်ဘာ ရွေးကောက် ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရလဒ်ကောင်းအောင် စွမ်းဆောင် နိုင်လိမ့်မည်ဟု အများက ခန့်မှန်းထားကြရာ တရုတ်နိုင်ငံကလည်း ၎င်းကို ဆွဲဆောင်ရန် စိတ်ထက် သန်လာနေခဲ့သည်။

စစ်တပ်က ရေးဆွဲထားသော ဖွဲ့စည်းပုံဥပဒေတစ်ရပ်အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ချန်လှပ်ထားသော်လည်း အင်န်အယ်လ်ဒီပါတီမှာ နိုဝင်ဘာရွေးကောက်ပွဲတွင် မျှော်လင့်ထားသည့် အတိုင်း စွမ်းဆောင်နိုင်ခဲ့ပါက ၎င်း၏ သြဇာအာဏာမှာ ထပ်မံကြီးထွားလာဦးမည်ဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ နှစ်ပါတီ အပြန်အလှန် နားလည်ယုံကြည်မှုကို ပိုမိုနက်ရှိုင်း သွားစေပြီး ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်နိုင်လိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း ဟောင်က ပြောကြားသည်။

တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှု ရှိလင့်ကစား တရုတ် အင်တာနက်အသုံးပြုသူများ ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် လျူကြား တူညီမှုများကို တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်း သတိပေးနေကြသည်။ Beisilang ဟုခေါ်သည့် ဘလော့တစ်ခုတွင်မူ တရုတ်၏ အောင်ဆန်းစုကြည် ကတော့ အခုအချိန်အထိ ထောင်ထဲမှာပဲဟု ရေးသားခဲ့သည်။

အကြွင်းမဲ့အာဏာပိုင် အစိုးရတစ်ရပ်အောက်တွင် ၎င်း၏ ရေငုံနှုတ်ပိတ် နေထိုင်ခဲ့ရသည့် ဘဝကိုလည်း ကိုးကားကြသည်။

“ဒီလို ဖိနှိပ်တဲ့ အစိုးရတစ်ရပ်က ကျွန်မတို့ကို အမှန်တကယ် ဒီမိုကရေစီ ပေးမှာလားဆိုတဲ့ သောက ပွားရတဲ့မေးခွန်းကို မကြာခဏ မေးနေကြရတယ်”ဟု အထင်ကရ လူ့အခွင့်အရေး ရပ်ခံအရေးဆိုသည့် ရှေ့နေ ယွန် ယူလိုင်က ပြောကြားသည်။

ဆက်လက်ပြီး ''အဖြေကတော့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တခြား လူမှုရေးနဲ့ နိုင်ငံရေး အခွင့်အရေးတွေလို ဒီမိုကရေစီကို ပေး မှာတော့ မဟုတ်ဘူး။ သတ္တိ၊ သန္နိဋ္ဌာန်နဲ့ ကြီးမားတဲ့ စွန့်ခြင်းဖြစ်သာ ရကောင်းတဲ့အရာ ဖြစ်ပါတယ်'' ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly