လယ်ယာလျော်ကြေး ကာလပေါက်စျေးဖြင့် ပေးရန် မြို့သာတွင် ဆန္ဒပြ

လယ်ယာလျော်ကြေး ကာလပေါက်စျေးဖြင့် ပေးရန် မြို့သာတွင် ဆန္ဒပြ

မန္တလေး၊ ဇွန် ၉ ။        ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ပေါက်စိမ်းကျေးရွာ၊ နဝရတ်ကျေးရွာ၊ ထန်း တပင်ကျေးရွာနှင့် ဖြူတွင်းကုန်းကျေးရွာများတွင် လယ်မြေသိမ်းယူထားသော ကုမ္ပဏီကို အရေးယူပေးရန် နှင့် လယ်ယာမြေလျော်ကြေးကို ကာလပေါက်ဈေးဖြင့် ပေးလျော်ရန် သိမ်းဆည်း ခံရသူဒေသခံ ၁၀၀ ကျော် တို့က

မြို့သာမြို့ပေါ်သို့တက်၍ ဇွန်လ ၉ ရက်၊ နံနက် ၉ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်ကြသည်။ အဆိုပါ ကျေးရွာများမှ ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်ခဲ့သော ကွင်းအမှတ် (၁၀၆၉၊ ၁၀၇၀) တို့မှ လယ်ယာမြေဧက ၃,၀၀၀ ကျော်ကို ကုမ္ပဏီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ၂၀၀၂ ခုနှစ်တွင် သိမ်းယူခဲ့သည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများအနက် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

သိမ်းယူထားသော အဆိုပါ လယ်ယာမြေများပေါ်တွင် ကုမ္ပဏီက ပရဆေးပင်များ စိုက်ပျိုး ထားပြီး ၎င်းတို့ စိုက်ပျိုးထား သည့် နေရာများတွင် ကျူးကျော်ဝင်ရောက်ပါက ဒေသခံများအား တရား စွဲဆိုသည်ဟု ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

“ကျွန်တော်တို့ အဲဒီအနား နွားလေးဘာလေး သွားလှန်ရင်တောင် အရေးယူတယ်။ ဒဏ်ငွေ ရိုက်တာတွေ လုပ်တယ်။ ဒါက ကျွန်တော်တို့ မြေဗျာ။ လျော်ကြေးတွေ ဘာတွေ ယူထားတာ မရှိဘူး။ အခု ဖြစ်နေတာက အနိုင်ကျင့်လွန်းတယ်။ အစိုးရအဖွဲ့တွေ တိုင်လည်း မထူးဘူး။ ဒါကြောင့် ဆန္ဒ ဖော်ထုတ်တာပဲ” ဟု ပေါက်စိမ်းကျေးရွာ မှ ဦးစိုးတင့်က ပြောသည်။

ဆန္ဒဖော်ထုတ်ကြသူများသည် မြို့သာမြို့အရှေ့ဘက်ရွာအဝင် လွတ်လပ်ရေး ကျောက်တိုင် လမ်းမှ မြို့ပတ်ကာ မြို့အနောက် ဘက်ရှိ လယ်ယာမြေ သိမ်းထားသော ကောင်းဆုအောင် ကုမ္ပဏီ ရှေ့ထိ ချီတက်၍ ခရိုနီ ကောင်းဆုအောင် ကုမ္ပဏီ အရေး ယူပေး၊  ခရိုနီ ကောင်းဆုအောင် ကုမ္ပဏီနှင့် အပေါင်းအပါများ အရေးယူပေး စသည်ဖြင့် ကြွေးကြော်ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ် မှုများ ဆက်တိုက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများလည်း ဇွန်လ နောက်ဆုံးပတ်တွင် ပြုလုပ်သွားမည်ဟု ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ဆန္ဒပြခံရသည့် ကောင်းဆုအောင် ကုမ္ပဏီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly