လယ်ယာလျော်ကြေး ကာလပေါက်စျေးဖြင့် ပေးရန် မြို့သာတွင် ဆန္ဒပြ

လယ်ယာလျော်ကြေး ကာလပေါက်စျေးဖြင့် ပေးရန် မြို့သာတွင် ဆန္ဒပြ

မန္တလေး (မဇ္ဈိမ) ။ ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ပေါက်စိမ်းကျေးရွာ၊ နဝရတ်ကျေးရွာ၊ ထန်းတပင် ကျေးရွာနှင့် ဖြူတွင်းကုန်းကျေးရွာများတွင် လယ်မြေသိမ်းယူထားသော ကုမ္ပဏီကို အရေးယူပေးရန်နှင့် လယ်ယာမြေလျော်ကြေးကို ကာလပေါက်ဈေးဖြင့် ပေးလျှော်ရန် အတွက် ဒေသခံတောင်သူ ၁၀၀ကျော်တို့က မြို့သာမြို့ပေါ်သို့တက်၍ ဇွန်လ ၉ ရက် နံနက် ၉ နာရီခွဲခန့်က ဆန္ဒထုတ်ဖေါ်ကြသည်။

အဆိုပါကျေးရွာများမှ ဓါးမဦးချ စိုက်ပျိုးလုပ်ကိုင်ခဲ့သော ကွင်းအမှတ် (၁၀၆၉၊၁၀၇၀)တို့မှ လယ်ယာမြေဧက ၃၀၀၀ ကျော်ကို ကုမ္ပဏီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ၂၀၀၂ ခုနှစ်တွင် သိမ်းယူခဲ့သည်ဟု ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်သူများအနက် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမျိုးဝင်းက မဇ္ဈိမကိုပြောသည်။

သိမ်းယူထားသော အဆိုပါ လယ်ယာမြေများပေါ်တွင် ကုမ္ပဏီမှ ပရဆေးပင်များ စိုက်ပျိုးထားပြီး ၎င်းတို့ စိုက်ပျိုးထားသည့် နေရာများတွင် ကျူးကျော်ဝင်ရောက်ပါက ဒေသခံများအား တရားစွဲဆိုသွားမည်ဟု ဆန္ဒဖေါ်ထုတ်သူများကဆိုသည်။

"ကျွန်တော်တို့ အဲဒီအနားနွားလေးဘာလေး သွားလှန်ရင်တောင် အရေးယူတယ်။ ဒဏ်ငွေရိုက်တာတွေလုပ်တယ်။ ဒါက ကျွန်တော်တို့မြေဗျာ။ လျော်ကြေးတွေဘာတွေ ယူထားတာမရှိဘူး။ အခုဖြစ်နေတာက အနိုင်ကျင့်လွန်းတယ်။ အစိုးရအဖွဲ့တွေတိုင်လည်းမထူးဘူး။ဒါကြောင့် ဆန္ဒဖေါ်ထုတ်တာပဲ။"ဟု ပေါက်စိမ်းကျေးရွာ မှ ဦးစိုးတင့်က ပြောသည်။

ဆန္ဒဖေါ်ထုတ်ကြသူများသည် မြို့သာမြို့အရှေ့ဘက်ရွာအဝင် လွတ်လပ်ရေး ကျောက်တိုင်င်လမ်းမှ မြို့ပတ်ကာ မြို့အနောက်ဘက်ရှိ လယ်ယာမြေသိမ်းထားသော ကောင်းဆုအောင် ကုမ္ပဏီရှေ့ထိ ချီတက်ကာ ခရိုနီ ကောင်းဆုအောင် ကုမ္ပဏီ အရေးယူပေး၊ ခရိုနီကောင်းဆုအောင် ကုမ္ပဏီနှင့် အပေါင်းအပါများ အရေးယူပေး စသည်ဖြင့် ကြွေးကြော်ကြသည်။

ဆန္ဒဖေါ်ထုတ်သူများသည် လယ်ယာမြေပြန်လည်ရရှိရေးအတွက် တောင်းဆိုဆန္ဒဖေါ်ထုတ်မှုများ ဆက်တိုက်ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများလည်း ဇွန်လ နောက်ဆုံးပတ် တွင် ပြုလုပ်သွားမည်ဟု ဆန္ဒဖေါ်ထုတ်သူများကဆိုသည်။

အဆိုပါ ဆန္ဒပြခြင်းခံရသည့် ကောင်းဆုအောင် ကုမ္ပဏီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly