အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန်အဆို တစ်ပတ်အတွင်း လွှတ်တော်သို ့ တင်မည်

အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန်အဆို တစ်ပတ်အတွင်း လွှတ်တော်သို ့ တင်မည်
ပြည်ခိုင်ဖြိုးပါတီဝင် ကျောင်းကုန်းမြို ့နယ်အမတ် ဦးသိန်းထွန်း။

နေပြည်တော် (မဇ္ဈိမ) ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန်အဆိုကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် လွှတ်တော်အမတ် ဦးရေ နှစ်ဆယ်ရာခိုင်နှုန်းက သဘောတူကြောင်း လက်မှတ်များကို ယနေ့စတင် စုဆောင်းနေပြီဖြစ်ရာ ၎င်းအဆိုကို လွှတ်တော်သို့ တစ်ပတ်အတွင်း တင်သွင်းနိုင်တော့မည်ဟု ပြည်ခိုင်ဖြိုးပါတီဝင် ကျောင်းကုန်းမြို့နယ်အမတ် ဦသိန်းထွန်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ဖြေကြားသည်။

“အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေကို အခု ဒီနေ့ပဲ စပြီးဆောင်ရွက်နေပါပြီ၊ ပထမဆုံးက လွှတ်တော်ကိုယ်စားလှယ် နှစ်ဆယ်ရာခိုင်နှုန်းက လက်မှတ်ထိုးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးဖို့အဆိုတင်ရမှာ။ အဲဒီအတွက် ဒီနေ့စလုပ်နေပါပြီ။ ပြည်သူ့လွှတ်တော်မှာရော အမျိုးသားလွှတ်တော်မှာပါ ဒီနေ့စလုပ်ပါတယ်။ အခု ကြာသပတေး၊ သောကြာ မဟုတ်ရင် ရှေ့အပတ်ထဲမှာ အဆိုတင်နိုင်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက သဘောတူပြီး တင်သွင်းလိုက်သည့် အဆိုကို လွှတ်တော်က လက်ခံပြီးသည်နှင့် အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို စတင်ဆွေးနွေးနိုင်မည်ဟု လည်း ၎င်းက ပြောသည်။

အခြေခံဥပဒေ ပြင်ဆင်သည့် လုပ်ငန်းများ ယခုကဲ့သို့နောက်ကျနေရခြင်း၊ ယနေ့မှ စတင်ရခြင်းတို့မှာ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ရလဒ်ကို လွှတ်တော်က စောင့်ဆိုင်းနေသောကြောင့်လားဟု ပြင်ပတွင် ပြောဆိုနေကြခြင်းနှင့် ပတ်သက်ပြီး ၎င်းက “ အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒီ ၁၂ ကြိမ်မြောက်မှာက အမျိုးသားပညာရေး ဥပဒေကြမ်းလို အလုပ်များရတဲ့ အချောသတ်ရမယ့် ဥပဒေတွေကလည်း ရှိနေတော့ အစည်းအဝေးက တောက်လျှောက် ရက်ကျပ်တွေချည်းဖြစ်လို့ အခုလို နောက်ကျရတာပါ၊ ခြောက်ပွင့်ဆိုင် ရလဒ်ကို စောင့်နေလို့မဟုတ်ပါဘူး” ဟု ပြောသည်။

ထိုသို့ အဆိုတင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးမှ ပြင်သင့်ပြင်ထိုက်သည့် ဥပဒေများအားလုံး ပါဝင်မည်ဟုလည်း ၎င်းက ရှင်းပြသည်။

“သြင်္ကန် မတိုင်ခင်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့တဲ့ နောက်ဆက်တွဲဇယား ၁၊ ၂၊ ၃ နဲ့ ၅ တို့လည်း တစ်ပါတည်း ပါသွားမှာပါ။ ပုဒ်မ ၄၃၆ ရော ၅၉ (စ) ရော အားလုံးပါသွားမှာပါ” ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ နှစ်ဆယ်ရာခိုင်နှုန်း သဘောတူ လက်မှတ်ရရေးအတွက် တစ်ဦးချင်းကို တွေ့မေးပြီး သဘောတူရင် လက်မှတ်ထိုးပါဟု ပြောရုံဖြင့် မပြီးကြောင်း၊ ထို ကိုယ်စားလှယ်က မိမိပါတီ၏ သဘောတူခွင့်ပြုချက် ရရှိပြီးဖို့လည်း လိုအပ်သဖြင့် အချို့ပါတီများအဖို့ နှစ်ဆယ် ရာခိုင်နှုန်း စုဆောင်းသည့် ယနေ့ကိစ္စသည် တစ်ရက်တည်းဖြင့် မရနိုင်ကြောင်း အစည်းအဝေးပြင်ပတွင် ညှိနှိုင်းကြရမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီသ့ို စုံစမ်းမေးမြန်းရာ ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေး ပြီးချိန်ကတည်းက ထိုကိစ္စအတွက် အစည်းအဝေး ပြုလုပ်နေကြောင်း သာ ပြန်လည် ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags