ငါးလအတွင်း လူကုန်ကူးခံရမှု အများဆုံးပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်နေ

ငါးလအတွင်း လူကုန်ကူးခံရမှု အများဆုံးပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်နေ
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ကျင်းပသည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး နေ့တွင် လူသားအချင်းချင်း စာနာလို့ လူကုန်ကူးမှု တိုက်ဖျက်စို့ ဆိုသည့် ဆောင်ပုဒ်ပါ အင်္ကျီ ဝတ်ဆင်ထားသည့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်

တရုတ်သို့ သွားလာရန် လွယ်ကူခြင်းကလည်း လူကုန်ကူးခံရမှု အကြောင်းရင်း တစ်ရပ်ဖြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ ၂၀၁၅ ခုနှစ် နှစ်စမှ မေလအထိ ငါးလအတွင်း လူကုန်ကူးခံရမှု အများဆုံး ပြည်နယ်မှာ ရှမ်းပြည်နယ် ဖြစ်နေပြီး တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်ရန် လူကုန်ကူးခံရသည်က ပိုမိုများကြောင်း လူကုန်ကူးမှု တားဆီးနှီမ်နှင်း ရေး ရဲတပ်ဖွဲ့ ဒုရဲမှူး မင်းနိုင်က မဇ္ဈိမကိုပြောသည်။

တရုတ်နိုင်ငံသို့ သွားရောက်ရန် လွယ်ကူခြင်းသည်လည်း ရှမ်းပြည်နယ်တွင် လူကုန်ကူးမှု အများဆုံးဖြစ်ပွားစေသည့် အချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရွှေ့ပြောင်းသွားလာ အလုပ် လုပ်ကိုင်ခြင်းနှင့်ပတ်သက်သည့် ဗဟုသုတအားနည်း၍လည်း ရှမ်းပြည်နယ်တွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားနေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ  ရှမ်းပြည်နယ်တွင် လူကုန်ကူးမှု ၁၅ မှုဖြစ်ပွားခဲ့ကာ မန္တလေးတိုင်းတွင် လူကုန်ကူးမှု ဒုတိယ အများဆုံးဖြစ်ခဲ့ပြီး ၁၀ မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှီမ်နှင်းရေး ရဲတပ်ဖွဲ့ စာရင်းဇယားများအရ သိရသည်။

ဒုရဲမှူး မင်းနိုင်က “ရှမ်းပြည်နယ်မှာ လူကုန်ကူးမှုတွေ အများဆုံးဖြစ်ပွားရတာက ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခြင်းနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ အားနည်းတာ သိသင့်သိထိုက်တာတွေ အားနည်းလို့ဖြစ် ရတာပါ” ဟုပြောသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၆ မှုဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်တွင် ၁၅မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၀မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် ၆မှုစီ၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ၁မှုစီဖြစ်ပွားခဲ့သည်။

လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ခွဲမှူး(ရန်ကုန်) ဒုရဲမှူးကြီး ခင်မောင်လှက “လူကုန်ကူးမှု မခံရဖို့ သတိနဲ့ အသိလေးထားဖို့ လိုအပ်ပါတယ်။ အဓိက ကတော့ တရားဝင်သွားတာ၊ အာမခံချက်ရှိတဲ့ ကုမ္ပဏီကြီးတွေနဲ့သွားတာ အကောင်းဆုံးပါပဲ။ ”ဟုပြောသည်။

တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက မိမိအား အလုပ်ရှာပေးသည့်သူ၏ နေရပ်လိပ်စာ၊ အမည်၊ အတိအကျ၊ ကိုယ်သွားရမည့် လုပ်ငန်းခွင်တည်ရှိရာနေရာ၊ လုပ်ငန်းခွင်အနေအထားနှင့် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ တိကျသေချာစွာ မှတ်သားထားသင့်သည်ဟုလည်း ဒုရဲမှူးကြီး ခင်မောင်လှက ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ကျူးလွန်သူစုစုပေါင်း ၁၁၄ ယောက်အနက် ၉၃ ယောက်ကို ဖမ်းဆီးရရှိခဲ့ပြီး ၅၁ ယောက်မှာ ထွက်ပြေး တိမ်းရှောင်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှီမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင်ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၅၆ မှုတွင် လူကုန်ကူးခံရသူ ၁၉၄ ယောက်အနက် ၁၅၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၄၂ ဦးကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ကာ လူကုန်ကူးမှု အမျိုးအစားများမှာ အဓမ္မ လက်ထပ်ရန် ၃၁မှု၊ အဓမ္မခိုင်းစေရန် ၁၆မှု၊ ပြည့်တန်ဆာပြုရန် ၈ မှု၊ မွေးစားရန် တစ်မှုတို့ဖြစ်ကြသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးကို လုပ်ငန်းရပ် ၇၅ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်တာကာလအတွင်း လေးလလျှင်တစ်ကြိမ် ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly