ရန်ကုန်မြို့ရေလျှံမှု အဆုံးသတ်ရန် ကြာမည့်အချိန်ကာလ အစိုးရကို မေးခွန်းထုတ်မည်

ရန်ကုန်မြို့ရေလျှံမှု အဆုံးသတ်ရန် ကြာမည့်အချိန်ကာလ အစိုးရကို မေးခွန်းထုတ်မည်

ရန်ကုန်၊ ဇွန် ၃ ။  ။ မိုးသည်းထန်စွာ ရွာသည်နှင့် တစ်ပြိုင်နက် ရေလျှံမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်အတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် အစိုးရက မည်သို့လုပ်ဆောင်နေ သည်ကို လာမည့် ရက်သတ္တပတ်အတွင်း ပြုလုပ်မည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် မေးမြန်းမည်ဟု ကြည့်မြင်တိုင်မြို့နယ်မှ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်ကြည်ကြည်မာက မဇ္ဈိမကို ပြောသည်။

“ဒါတွေကို ဒီနှစ် မိုးတွင်းအမီမှာ ပြီးမလား။ နောက်တစ်ခုက ရေရှည်တည်တံ့ခိုင်မြဲဖို့ကို အားလုံးပူးပေါင်း ဖို့ ဘယ်လို အစီအမံတွေ ချထားလဲပေါ့။ လုပ်ငန်းတစ်ခု လုပ်တယ်ဆိုရင် ရေရှည် တည်တံ့ခိုင်မြဲဖို့က လိုအပ်တယ် လေ။ ဒါကြောင့် ဘယ်လိုစီမံဆောင်ရွက်ထားလဲဆိုတဲ့ မေးခွန်းပါ” ဟု ၎င်းက ဇွန်လ ၃ ရက်တွင် ပြောသည်။

ရန်ကုန်မြို့ရေကြီး ရေလျှံမှု မဖြစ်စေရန် တိုင်းအစိုးရက လက်ရှိဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ရရှိထားပြီး ရေလျှံမှု မဖြစ်စေရေးအတွက် အစိုးရက စနစ် တကျ အကောင်အထည်ဖော်ပေးရန်လိုသကဲ့သို့ ပြည်သူလူထုကလည်း ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု သူက သုံးသပ်သည်။

“အစိုးရနဲ့ ပြည်သူ ပူးပေါင်းမှ ရေရှည်အတွက် ကောင်းမှာလေ။ ဒါကြောင့် ဘယ်လို အစီအမံတွေ လုပ်မလဲဆိုတာတော့ သူတို့(အစိုးရ)ဘာပြောဦးမလဲ မသိဘူး။ ကိုယ့်မြို့ကြီး သာယာလှပ ဖို့၊ ရေကြီး ရေလျှံတွေ မဖြစ်ဖို့ဆိုတာက စည်းကမ်းလေးနဲ့ အမှိုက်ပစ်ဖို့ ဘာညာကလည်း လိုတယ်လေ” ဟု ဒေါ်ကြည်ကြည်မာက ပြောသည်။

ရေကြီး ရေလျှံမှုမှ ကာကွယ်ရန် မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ဌာနအချို့ထံ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။

စမ်းချောင်းမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဦးမျိုးမင်းအောင် ကမူ ရေကြီး ရေလျှံမှုများ ဖြစ်ရခြင်းမှာ ရန်ကုန်မြို့ပြတွင် လူဦးရေ ထူထပ်လာခြင်း အပါအဝင် စနစ် တကျ မရှိသည့် ရေမြောင်းများကြောင့်ဟု ထောက်ပြသည်။

“အခုဟာက လူဦးရေကလည်း များလာတယ်လေ။ မြောင်းတွေကလည်း မရတော့ဘူးဗျ။ အရင်တုန်းက စမ်းချောင်းမှာ မြောင်းတွေက အနက်တစ်ပေပဲ ရှိတယ်လေ။ မြောင်းတွေက စနစ် မကျဘူး” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အမတ်ဖြစ်သူ ဦးမျိုးမင်းအောင်က ပြောသည်။

၎င်း၏ မဲဆန္ဒနယ်ဖြစ်သော စမ်းချောင်းမြို့နယ်တွင်မူ ယခုနှစ်အတွင်း ရေမြောင်းများကို သုံးပေအနက် တူးပေးခဲ့သည့်အတွက် ရေလျှံမှု မရှိတော့ကြောင်း ဦးမျိုးမင်းအောင်က “ကျွန်တော့်မြို့နယ်ကတော့ အပြောအဆိုများလို့ ထင်တယ်။ တော်တော်လေး လုပ်ပေးတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းတိုင်း လမ်းများ၊ နေအိမ်များအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ဆိုးကျိုးကြောင့် ရန်ကုန်ပြည်သူများ အခက်တွေ့လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly