ရွှေဂက်စ် ဓာတ်ငွေ့ သန့်စင်စက်ရုံမှ မြေယာလျော်ကြေး မရရှိသေးသော တောင်သူများ ဆန္ဒထုတ်ဖော်

ရွှေဂက်စ် ဓာတ်ငွေ့ သန့်စင်စက်ရုံမှ မြေယာလျော်ကြေး မရရှိသေးသော တောင်သူများ ဆန္ဒထုတ်ဖော်
ဇွန် ၃ ရက်က ကျောက်ဖြူခရိုင်၊ မလကျွန်းတွင် ဆန္ဒပြသည့် တောင်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ထွန်းထွန်းနိုင်

ရန်ကုန်၊ ဇွန် ၃ ။     ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ တည်ဆောက်ရာတွင် လျှော်ကြေး မရရှိသေးသော တောင်သူ ၃၀၀ က ဇွန် ၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မလကျွန်း၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ ဆောက်လုပ်ရာတွင် အသုံးပြုထားသော လယ်ဧက ၆၀ကျော်အတွက် လျော်ကြေးတောင်းခံကာ တောင်သူ ၃၀၀ က ဆန္ဒထုတ်ဖော်ခဲ့သည်။ "ကုမ္ပဏီနဲ့ ဒေသအာဏာပိုင်တွေက ညှိမယ်ပြောပြီး ခေါ်ညှိတယ်။ အကြိမ်ကြိမ်ပဲ ငွေတော့မရဘူး" ဟု ဆန္ဒထုတ်ဖော်ပွဲခေါင်းဆောင် ဦးမောင်ဝေခင်က မဇ္ဈိမကို ပြောသည်။

ထိုလယ်ယာမြေများသည် ကျောက်ဖြူခရိုင် မလကျွန်းနှင့် ဂုံးရှိန်ရွာများမှ တောင်သူ ၇၀ ဦး လယ်ယာမြေများဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထိုလယ်ယာမြေ ပြဿနာများ ဖြေရှင်းပေးရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို ဧပြီလအတွင်းက ဒေသခံများက စာတင်ထားသည် ဟုလည်း ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်ထားသော သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံသည် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တဆင့်တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ဓာတ်ငွေ့များကို သန့်စင်ရခြင်း ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတူးဖော်ရေးအတွက် ၂၀၀၉ ခုနှစ်က မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly