တစ်ဦးတည်း နှစ်မဲပေးသည့် လက်ပွားကိုယ်တော်ကိစ္စ မှန်ကန်သည်ဟု သူရဦးရွှေမန်း ပြောကြား

တစ်ဦးတည်း နှစ်မဲပေးသည့် လက်ပွားကိုယ်တော်ကိစ္စ မှန်ကန်သည်ဟု သူရဦးရွှေမန်း ပြောကြား
ဓာတ်ပုံ - အီးပီအေ
 

နေပြည်တော်၊ ဇွန် ၃ ။      ။ ဂယက်ရိုက်ခဲ့သည့် လက်ပွားကိုယ်တော်ကိစ္စမှာ လွှတ်တော်ရေးရာ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး တက်ရောက်နေ၍ လွှတ်တော်အစည်း အဝေးခန်းမတွင် မရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအစား အခြား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက စက်ခလုတ်နှိပ် မဲပေးခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက ယနေ့ (ဇွန် ၃ရက်) က ပြောကြားလိုက်သည်။

မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်က လွှတ်တော်ထဲက လက်ပွားကိုယ်တော်များနှင့် သံသယဖြစ်စရာ မဲရလဒ်များ ဆိုပြီး ရေးသားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ ရှင်းပြရာ၌ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီနေ့က မဲပေးချိန်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့နှစ်ဦး ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်နေတဲ့ အတွက် ဗိုလ်မှူးချုပ်အောင်ကျော်နဲ့ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်ဦးတို့က ၎င်းတို့ကိုယ်စား စက်ခလုတ်နှိပ် မဲပေး ခဲ့ခြင်းဖြစ်ကြောင်း နောင်တွင် အလားတူမဖြစ်စေရေး သတိပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ သဘောရိုးဖြင့် ဆောင်ရွက်ခဲ့တာဖြစ်လို့ မီဒီယာများအနေနဲ့လည်း အကျိုးအကြောင်း ရှေ့နောက်ချင့် ချိန်ပြီး မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက် မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက် ပေးရန် ဖော်ပြပါရှိပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်း ကပြော သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက် နေ့ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် လွှတ်တော်တွင်း စက်ခလုတ် အသုံးပြုပြီး မဲခွဲဆုံးဖြတ် ရာမှာ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက မဲခွဲချိန် ရှိမနေသည့်အတွက် အနီးအနားက ကိုယ်စားလှယ်များအတွက် မဲပေးနေသည့် သတင်းဓာတ်ပုံကို ဖော်ပြခဲ့သည်။

သတင်းမီဒီယာ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး လွှတ်တော်က စက်ခလုတ်နှိပ် ဆောင်ရွက်သွား ခဲ့သည့် ကာယကံရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင်ကို ပြည်ထောင်စုလွှတ်တော်နာယက ကိုယ်စား ဒုတိယနာယက က ခေါ်ယူတွေ့ဆုံပြီး သတိပေးရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

“ဒီလိုဖြစ်စဉ်အပေါ် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်တင့်ဆန်းက လည်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စား ပြည်ထောင်စု လွှတ်တော် နာယကထံ စာရေးသားတင်ပြခဲ့ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စား ဗိုလ်မှူးချုပ်တင့်ဆန်း တင်ပြချက်ဟာလွှတ်တော်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့များအတွက် သင့်တင့်မျှတသည့် တင်ပြမှုဖြစ် သဖြင့်လွှတ်တော်အစည်းအဝေးခန်းမကြီးအတွင်းကို ကြည့်ရှုတွေ့မြင်နိုင်သည့် ဘာသာပြန်အခန်းများအတွင်း မီဒီယာများ ဝင်ရောက်ကာဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးခွင့်ကို ကန့်သတ်ခဲ့ခြင်းဖြစ် သည်ဟု နာယက သူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အချို့အပေါ်၊ တပ်မတော်အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အပေါ်၊ သတင်းမီဒီယာလောကအပေါ်၊ အထူးသဖြင့် လွှတ်တော်များမှာ လာရောက် သတင်းရယူနေကြသည့် သတင်းမီဒီယာများအပေါ် အထင်အမြင်လွဲမှားမှုများနှင့် အခြားမလိုလားအပ်သော ကိစ္စရပ်များ ဆက်စပ် ပေါ်ပေါက်လာနိုင်စရာအကြောင်းများ ဖြစ်လာသည့်အတွက် လွှတ်တော်သို့ ရှင်းပြရခြင်းဖြစ်သည်ဟု ဆိုသည်။

“အစည်းအဝေးခန်းမအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်တိုင်းကျ နေနိုင်အောင် မဟုတ်ပါဘူး။ ကိုယ်စားလှယ်များ အစည်းအဝေးခန်းမအတွင်း လိုက်နာရမယ့် စည်းကမ်းတွေ ကျင့်ဝတ်တွေ ရှိပါတယ်။ ဒါတွေကို ပြည်ထောင်စုလွှတ်တော်နာယက ကြပ်မတ်ဆောင်ရွက်ဖို့ တာဝန်လုပ်ပိုင်ခွင့်ရှိပါတယ်။ မီဒီယာများအနေနဲ့ လွှတ်တော်များရဲ့ သတင်းရယူမှုဆောင်ရွက် ချက်ကို ကြိုဆိုပါတယ်" ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်များအတွင်း မီဒီယာများ သတင်းရယူခွင့်အတွက် လွှတ်တော်အစည်းအဝေး ခန်းမအတွင်း သို့ မမြင်နိုင်သည့် နေရာတွင် တီဗီဖန်သားပြင်မှ တစ်ဆင့်သာ သတင်းရယူရန် ကန့်သတ်လိုက်သည့်အတွက် သတင်းသမားများက ညှိနှိုင်းမှုများလည်း ပြုလုပ်နေပြီး ကန့်သတ် လိုက်သည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly