တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရာတွင် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ရေးမူ ဆက်လက်စွဲကိုင်မည်ဟု ယူအင်န်အက်ဖ်စီ ဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရာတွင် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ရေးမူ ဆက်လက်စွဲကိုင်မည်ဟု ယူအင်န်အက်ဖ်စီ ဥက္ကဋ္ဌပြော
 လော်ခီးလာညီလာခံ ဒုတိယနေ့တွင် သဘာပတိ တာဝန်ယူထားသည့် ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လကို ဇွန် ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ (ရာမည)
 

ချင်းမိုင်၊ ဇွန် ၃ ။      ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စကားရပ်နှင့်အညီ လက်မှတ်ရေးထိုးရာတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PLSF/TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် အဖွဲ့ဝင်များအားလုံး ပါဝင်လက်မှတ်ရေးထိုးရေး မူကို ဆက်လက်ကိုင်စွဲသွားရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လက တိုက်တွန်းလိုက်သည်။

ဇွန်လ ၃ ရက်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာတွင် ပြုလုပ် သည့် ညီလာခံ ဒုတိယနေ့ အဖွင့်မိန့်ခွန်းတွင် သဘာပတိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒု ဥက္ကဋ္ဌ ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့ဟာ ယူအန်အက်ဖ်စီ နဲ့ အန်စီစီတီ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် ရပ်စဲရေး စကားရပ်နဲ့အညီ ရပ်စဲရေး လက်မှတ်ထိုးရာမှာ သူတို့ လည်း ပါဝင်သင့်တယ်လို့ ယူဆပါတယ်။ အဖွဲ့ဝင်အားလုံး ပါဝင်လက်မှတ်ထိုးရေးမူကို ဆက်လက် စွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်”ဟု ၎င်းက ပြောသည်။

PLSF/TNLA နှင့် MNDAA  အဖွဲ့များသည် မြန်မာနိုင်ငံရှိ ၁၃၅ မျိုးတွင် ပါဝင်၍ တိုင်းရင်းသား လူမျိုးများ ဖြစ်ပြီး ၎င်းတို့အား ရန်သူသဖွယ် မဆက်ဆံသင့်ကြောင်း ဗိုလ်ချုပ်အင်ဘန်လက ပြောဆို ထားသည်။

ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် တပ်မတော် အစိုးရ လက်ထက် ၁၉၈၉ ခုနှစ် က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများထဲက ပထမဆုံး ငြိမ်းချမ်းရေး ယူခဲ့ပြီး တပ်မတော် အစိုးရက အထူးဒေသ (၁)သတ်မှတ်ခဲ့သဖြင့် ရန်သူသဖွယ် သဘောမထားသင့်ကြောင်း ပြောဆိုထားသည်။

“ ဒီနေ့ ဒီအချိန်မှာ ပြည်ပ ရန်သူသဖွယ်တော့ မဆက်ဆံသင့်ဘူးလို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ် အင်ဘန်လ က ပြောသည်။

ထို့ပြင် ညီလာခံတွင် ရောက်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသည် ဘဝတူ၊ ဖိနှိပ်ခံရတူများ ဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်အတွက် အစိုးရနှင့် ဆွေးနွေး နိုင်ရန် ဖြစ်၍ အချင်းချင်း ရန်သူကဲ့သို့ သဘောမထားဘဲ စည်းလုံး ညီညွတ်ရေး ဗဟိုပြုကာ ဆွေးနွေး ကြရန်လည်း တိုက်တွန်းထားသည်။

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အား အယုံအကြည် မရှိသဖြင့် တအာင်းတပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်နှင့် ရက္ခိုင့်တပ်မတော် (AA) သုံးဖွဲ့ သည် NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် ပြီးခဲ့သည့် ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် အဆိုပြုမှုကိုလည်း ယခု လော်ခီးလာ ညီလာခံတွင် ဆုံးဖြတ်ကြမည်ဖြစ်သည်။

ညီလာခံ ဒုတိယနေ့တွင် ပထမနေ့ မပြီးပြတ်သေးသည့် အချက်များကို ဆက်လက် ဆွေးနွေး၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် အခြား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားများ တင်သွင်းခြင်းနှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိစ္စ ဆွေးနွေးကြမည်ဟု သိရသည်။

“ဒီနေ့က NCA မူကြမ်းပေါ်မှာ အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ သဘောထားတွေ တင်ပြ တာပဲ ရှိတယ်” ဟု ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ၏ အတွင်းရေးမှူး ပဒိုစောလှထွန်းက မဇ္ဈိမကို ပြေသည်။

ဇွန်လ ၂ ရက်မှ ၆ ရက်ထိ ငါးရက်ကြာ ကျင်းပမည့် ညီလာခံသို့ ရခိုင်အမျိုးသားကောင်စီ (ANC) မှ ကိုယ်စားလှယ် ငါးဦး ရောက်ရှိလာပြီး  တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှင့် လေ့လာသူများ စုစုပေါင်း ၁၆၀ ကျော် တက်ရောက်နေသည်ဟု သူက ပြောသည်။ ညီလာခံသို့ ပြည်တွင်းမှ သတင်းထောက်ပေါင်း ၂၀ ကျော် တက်ရောက် သတင်းယူနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly