ကမာရွတ် ဘူတာရုံလမ်း မီးပွိုင့်တွင် ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွား

ကမာရွတ် ဘူတာရုံလမ်း မီးပွိုင့်တွင် ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွား

ရန်ကုန်၊ ဇွန် ၂ ။       ။ ကမာရွတ်မြို့နယ်၊ ရန်ကုန်- အင်းစိန်လမ်းမ ဘူတာရုံလမ်း မီးပွိုင့်အနီးတွင် ယာဉ်ရှစ်စီး ဆင့်တိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန် ၂ ရက်၊ နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ သည်ဟု ရန်ကုန်တိုင်း၊ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တစ်ဦးက ပြောသည်။

ရန်ကုန်-အင်းစိန်လမ်းအတိုင်း လှည်းတန်းဘက်မှ အင်းစိန်ဘက်သို့ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် ယာဉ်မောင်း ဦးခင်မြင့် မောင်းနှင်လာသော မင်္ဂလာဈေးမှ ရွှေပြည်သာ ပြေးဆွဲသည့် စစ်မှုထမ်းဟောင်း ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်သည် စံရိပ်ငြိမ် (၂) လမ်းထိပ်၊ ဘူတာရုံ လမ်းမီးပွိုင့်အနီး မီးနီ၍ရပ်ထားသည့် ကာဒီနား အငှားယာဉ်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းကာဒီနားယာဉ်ကတစ်ဆင့် ကိုယ်ပိုင်ယာဉ် သုံးစီး၊ အငှားယာဉ် နှစ်စီး၊ ၄၈ ယာဉ်လိုင်းမှ ဟီးနိုးဘတ်စ် ခရီးသည်တင် တစ်စီးကို တိုက်မိခဲ့ပြီး စုစုပေါင်း ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်များ၏ ပျက်စီးဆုံးရံှုးမှုတန်ဖိုးကို စစ်ဆေးနေသည်ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

" မီးပွိုင့် မီးနီနေတာကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်တာကနေ ရှစ်စီး ဆင့်တိုက်မိတာပါ၊ ယာဉ်မောင်းကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ မီးပွိုင့်မီးနီတာကို မြင်ရင် အဝေးကတည်းက အရှိန်လျှော့မောင်းနှင်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မောင်း ဦးခင်မြင့်ကို ကမာရွတ်မြို့မ ရဲစခန်းက ယာဉ် (ပ) ၂၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly