ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ ရုပ်ပြ ဖြစ်နေဟု အဖွဲ့ဝင်များ ဆို

ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ ရုပ်ပြ ဖြစ်နေဟု အဖွဲ့ဝင်များ ဆို

ရန်ကုန်၊ ဇွန် ၂ ။      ။ ရခိုင်ပြည်နယ် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေရေးရာ ပညာပေးမှုများအတွက် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ် ရှေ့နေများကောင်စီသည် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ရုပ်ပြ ဖြစ်နေသည် ဟု ကောင်စီ၏ ဗဟိုပြန်ကြားရေးတာဝန်ခံ  ဦးကျော်ညွန့်မောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် ဥပဒေ ပညာရှင်များ၊ ရှေ့နေများ ပါဝင်သော ရခိုင်ပြည်နယ် ရှေ့နေများကောင်စီကို ၂၀၁၅ မတ်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကျေးလက် ပြည်သူများကို ဥပဒေရေးရာ အကာအကွယ်များ ရရှိရေး၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

"ပြည်သူတွေ ဥပဒေရေးရာ အသိပညာ ဖွံ့ဖြိုးရေးတွေကို အဓိက လုပ်ဖို့ ပြည်နယ်အစိုးရက ဖွဲ့စည်း ပေးခဲ့ပေမယ့် လက်တွေ့မှာ ဘာတစ်ခုမှ ဖွံ့ဖြိုးရေးလည်း မလုပ်ရသေးပါဘူး။ ကျွန်တော်တို့ကို ရုပ်ပြဖွ့ဲစည်း ထားသလိုဖြစ်နေပါတယ် " ဟု ဦးကျော်ညွှန့်မောင်က ပြောသည်။

ရခိုင်ပြည်နယ် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ ဥပဒေရေးရာ အသိပညာပေး လုပ်ငန်းများ နှင့် ဒေသတွင်း တရားစွဲဆိုရာတွင် ရှေ့နေ ငှားရန် မတတ်နိုင်သော ပြည်သူများအတွက် ရခိုင်ပြည်နယ် ရှေ့နေများကောင်စီက ဆောင်ရွက်မည်ဟုလည်း ကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဘဖေက ပြောသည်။

၎င်းက " ရှေ့နေကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သီးခြားရေးဆွဲထားတာ မရှိပါဘူး။ ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမှာပါ။ ခုထိတော့ ဘာမှ မလာသေးဘူး" ဟု ဆိုသည်။

လက်ရှိတွင် ထိုရှေ့နေများကောင်စီ အဖွဲ့ဝင်များက မိမိ အစီအစဉ်ဖြင့်သာ ရှေ့နေ ငှားရမ်းခ မတတ်နိုင်သော အမှုသည်များကို အမှုလိုက်ပေးနေသည် ဟုဆိုသည်။ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ရှေ့နေများ ကောင်စီတွင် အဖွဲ့ဝင်ပေါင်း ခုနစ်ရာကျော် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly