အပစ်ရပ်စာချုပ် ချုပ်ဆိုရေး နှောင့်နှေးနေပါက ကုလအကူအညီဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလအထူးကိုယ်စားလှယ် ပြော

အပစ်ရပ်စာချုပ် ချုပ်ဆိုရေး နှောင့်နှေးနေပါက ကုလအကူအညီဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလအထူးကိုယ်စားလှယ် ပြော

ချင်းမိုင်၊ ဇွန် ၂ ။     ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်ရန်နှင့် နှောင့်နှေးနေပါက ကုလသမဂ္ဂ အကူအညီများ ဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘီဂျေးနမ်ဗီးယားက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ပထမနေ့ ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား လိုက်သည်။

ဇွန်လ ၂ ရက် နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ညီလာခံကို စတင်ကျင်းပခဲ့ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ခဲ့ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးဖြစ်မြောက်အောင် လုပ်ဆောင်ပေးစေချင်တယ်ပေါ့နော်။ အဲဒါမှ နောက်ထပ် အသစ်တက်လာမယ့် အစိုးရနဲ့ အတူတကွ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်ပြေတယ်ပေါ့။ ပြီးတော့ အကယ်၍ နောင့်နှေးနေမယ်ဆိုရင် ယူအင်န်အနေနဲ့ နောက် အကူအညီ ပေးဖို့အတွက် စဉ်းစားရလိမ့်မယ်လို့ ပြောတယ်”ဟု ညီလာခံ တွင် သတင်းယူနေသော မဇ္ဈိမသတင်းဌာန၏ ဓာတ်ပုံအယ်ဒီတာ နိုင်ဟောင်ဆာက ပြောသည်။  

အလားတူ တရုတ်နိုင်ငံ အာရှရေးရာ သံတမန်ကလည်း တိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိရေး၊ တရုတ်-မြန်မာ ချစ်ကြည်ရေးတို့အတွက် ဆောင်ရွက်ပေးစေလို ကြောင်း တရုတ်နိုင်ငံ အာရှရေးရာ အထူးသံသမန် Mr. Sun Guoxiang က မီဒီယာများကို ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် အချိန်ရောက်ရှိနေပြီဖြစ်၍ အကောင်းဆုံး ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်အစိုးရက ကူညီမည်ဟု Mr. Sun Guoxiang က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။  

“မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်တော်တို့အမြဲတမ်းဂရုစိုက်နေပါတယ်။ ဆက်လက် ပြီးတော့ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကျွန်တော်တို့ဆက်လက် ပြီးတော့ ကူညီပေးပါ့မယ်” ဟု ၎င်းက ပြောကြားသည်။

ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ် ၁၁၄ ဦးတက်ရောက် ဆွေးနွေးနေပြီး လေ့လာသူအဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်နေသည်။  

ညီလာခံ သတင်းယူရန် ရောက်ရှိနေသည့် ပြည်တွင်းသတင်းထောက် ၂၀ ကျော်ရှိပြီး မီဒီယာအား လုံခြုံရေး တင်းကြပ်ထားသကဲ့သို့ ညီလာခံဖွင့်ပွဲ သတင်းဓာတ်ပုံရိုက်ပြီးနောက် အစည်း အဝေးနှင့် လေးမိုင် အကွာရှိ နေရာသို့ ပြန်လည်ပို့ဆောင်ပေးထားသဖြင့် သတင်းယူရာ၌ အခက်အခဲများ ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် သတင်းထောက်တစ်ဦးက အစည်းအဝေးခန်းအတွင်း မှ စာရွက်စာတမ်းများ ကောက်ယူသွားသဖြင့် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို မေလ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည် ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ပြန်လည် သုံးသပ်ကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly