သပိတ်မှောက် ကျောင်းသားများကို ရိုက်နှက်ခြင်း မရှိဟု တရားလို ရဲမှူး ထွက်ဆို

သပိတ်မှောက် ကျောင်းသားများကို ရိုက်နှက်ခြင်း မရှိဟု တရားလို ရဲမှူး ထွက်ဆို
တရားလိုရဲမှူး ဘုန်းမြင့် ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၂ ။       ။ မတ်လ ၁၀ ရက်က လက်ပံတန်းမြို့တွင် သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသားများနှင့် ဝန်းရံသူများကို ရိုက်နှက်ခြင်း မရှိဘဲ နံပါတ်တုတ်ဖြင့် ရွယ်ရုံသာရွယ်ခဲ့ သည်ဟု တရားလို ရဲမှူးက တရားရုံးတွင် ထွက်ဆို ခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဖမ်းဆီးခံကျောင်းသား ကိုမင်းသွေးသစ်၏ မိခင်က မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

"သူ(တရားလိုရဲမှူး)ကိုယ်တိုင် ထွက်ဆိုတာပါ။ ရွယ်နေတယ်ဆိုတဲ့ စကားကတော့ အမှန်တရားကို ကျောခိုင်းပြီး ထွက်ဆိုတဲ့ ထွက်ဆိုချက်ပေါ့။ အဲ့ဒါ လက်မခံနိုင်ဘူး" ဟု ဖမ်းဆီးခံ ကျောင်းသားများ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားခွင်အတွင်း ဝင်ရောက်နားထောင်ခွင့်ရခဲ့သူ တစ်ဦးဖြစ်သည့် ဖမ်းဆီးခံကျောင်းသား ကိုမင်း သွေးသစ်၏ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ယုကလည်း "ရွယ်တာလို့ ပြောတယ်။ ရွယ်တာဆိုရင် ရိုက်တာထိတဲ့ပုံတွေ ထပ်ပြီး တင်ပြရဦးမလားလို့ ဦးအောင်သိန်းက ပြောတယ်။ အဲ့ဒါကျ ဘာမှ ပြန်မပြောနိုင်ဘူး" ဟု ပြောသည်။

သပိတ်မှောက်ကျောင်းသားများ၏ အကြမ်းဖက် ဖြိုခွဲခံရမှု ဓာတ်ပုံမှတ်တမ်းကို ကျောင်းသားများ၏ ရှေ့နေဖြစ်သူ ဦးအောင်သိန်းက တရားရုံးသို့ တင်ပြစဉ် တရားလိုဖြစ်သူ လက်ပံတန်း မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ဘုန်းမြင့်က ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရဲမှူး၏ ထွက်ဆိုချက်အပေါ် ဖမ်းဆီးခံကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က "ဒါဟာ ဟာသ တောင် ဖြစ်တာပေါ့။ ရဲတပ်ဖွဲ့တွေက ဘယ်လောက်တောင် အတွင်းအား ကြီးမားသလဲ ဆိုတဲ့ အမြင်တွေတောင် ဖြစ်ကြတာပေါ့။ တကယ်တမ်းကျတော့ ရွယ်ရုံနဲ့တော့ ခေါင်းတွေ မကွဲပါဘူး။ မှန်(ကားမှန်)တွေ မကွဲပါဘူး" ဟု ရုံးထုတ်အပြီး သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားသည်။

တရားရုံးသို့ ဦးအောင်သိန်းတင်ပြသည့် ဓာတ်ပုံများမှာ အကြမ်းဖက် ဖြိုခွဲခံရစဉ်က သတင်းသမားများ မှတ်တမ်းတင် ရိုက်ကူးထားသော မီဒီယာအသီးသီးတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံများဖြစ် သည်။

အဆိုပါ ဓာတ်ပုံများကိုလည်း တရားလို ရဲမှူး၏ ရှေ့နေက ကန့်ကွက်ခဲ့ပြီး "ဓာတ်ပုံတွေ ဆိုတာက ကွန်ပျူတာနဲ့ ပြင်လို့ရတယ်ဆိုပြီး အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောတယ်" ဟု ဒေါ်ခင်ခင်ယုက ပြောသည်။

သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား လုံခြုံရေး ရဲများက မတ်လ ၁၀ ရက်တွင် အကြမ်းဖက် ဖြိုခွင်းကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ရဲမှူးဘုန်းမြင့်က တရားလိုပြုလုပ် ကာနိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မအပါအဝင် ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ပံတန်းမြို့တွင် ရက်သတ္တပတ်ကျော်အကြာ သပိတ်မှောက် ဆန္ဒပြခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို လုံခြုံရေးရဲများက အကြမ်းဖက်ဖြိုခွင်းကာ နံပါတ်တုတ် များဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ လုံခြုံရေးရဲများသည် သပိတ်မှောက် ကျောင်းသားများအပြင် သွားရောက်သတင်းယူနေသည့် သတင်းသမား များကိုပါ လိုက်လံရိုက်နှက်ခဲ့သည့်အတွက် မဇ္ဈိမ အပါအဝင် သတင်းသမားအများစု ထွက်ပြေးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly