တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်က နှစ်ဘက်အကြား ကဏ္ဍစုံကို ကျယ်ကျယ်ပြန့်ပြန့် သဘောတူ မထားဟု ကေအင်န်ယူ ဥက္ကဋ္ဌ ပြော

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်က နှစ်ဘက်အကြား ကဏ္ဍစုံကို ကျယ်ကျယ်ပြန့်ပြန့် သဘောတူ မထားဟု ကေအင်န်ယူ ဥက္ကဋ္ဌ ပြော
လော်ခီးလာ ညီလာခံ ပထမနေ့တွင် အဖွင့်မိန့်ခွန်း ပြောကြားနေသည့် ကေအင်န်ယူ ဥက္ကဋ္ဌ မူတူးဆေးဖိုး။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ချင်းမိုင်၊ ဇွန် ၂ ။    ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် မိမိတို့ ရည်မှန်းချက် အပြည့်အဝ ရရှိသည်ဟု သဘောမထားကြရန် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ၏ ညီလာခံတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖိုးက ပြောကြားလိုက်သည်။  

အဆိုပါ စာချုပ်သည် ဆွေးနွေးဘက် နှစ်ဘက်အကြား တပ်ပိုင်းဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကဏ္ဍစုံမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားသည့် စာချုပ် မဟုတ်ခြင်းကြောင့် ဖြစ်သည်ဟု ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

“ဒီစာချုပ်ဟာ Primanary Ceasefire Agreement တစ်မျိုးပဲ ဖြစ်ပြီး agree to talks ဆိုတဲ့ “တိုက်ပွဲတွေ ရပ်ပြီး ဆက်လက် ညှိနှိုင်းဆွေးနွေးကြရအောင်” ဆိုတဲ့အခြေခံနဲ့ သဘောတူထား တာဖြစ်ပါတယ်”ဟု ဆိုသည်။

ညီလာခံကို တက်ရောက်လာသည့် ကုလအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားကမူ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းထားပြီး နှောင့်နှေးနေပါက အကူအညီပေးရေးကို စဉ်းစားမည်ဟု ပြောဆိုလိုက်သေးသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို မေလ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည် ဖြစ်ပြီး အဓိကအားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအပေါ် ပြန်လည်သုံးသပ်ကြမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း (NCA) ကို အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေရာ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စာချုပ်ပါ အချက်အားလုံး သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဘက်ခေါင်းဆောင်များက ဆိုကြသည်။

မတ်လ ၃၁ ရက်ကလည်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ သမ္မတရှေ့မှောက်တွင် စာချုပ်ကို သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းအပြင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရန် အစိုးရက အဆင်သင့် ဖြစ်နေပြီ ဟုလည်း သမ္မတက ပြောဆိုထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags