ပြည်သူ့ဆန္ဒနှင့် ထပ်တူကျမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု သမ္မတ ပြော

ပြည်သူ့ဆန္ဒနှင့် ထပ်တူကျမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု သမ္မတ ပြော

ရန်ကုန်၊ ဇွန် ၂ ။      ။ ယခုနှစ် ကုန်ပိုင်းအတွင်း ကျင်းပရန် လျာထားသည့် အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရအဖွဲ့က အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းမည်ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်သည် ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမည်ဟု ယုံကြည်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

“ ပြည်သူလူထုရဲ့ဆန္ဒမှန်ကို ထင်ဟပ်မယ့် ကိုယ်စားလှယ် အသီးသီး ပေါ်ထွက်လာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်” ဟု ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ ရက်က ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောသည်။

အနိုင်ရရှိရေးအတွက် နိုင်ငံရေးပါတီများအသွင် အမျိုးမျိုးဖြင့် ပြင်ဆင်လျက်ရှိသည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၅ လခန့်သာ လိုတော့သည့်အချိန်တွင် သမ္မတက ယခု ကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲသည် အနာဂတ် နိုင်ငံရေးအတွက် အလွန်အရေးကြီးသည်ဟု သမ္မတ ဦးသိန်းစိန် က ဆိုကာ အစိုးရက လွတ်လပ်၊ မျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် ပွင့်လင်းမြင် သာမှုနှင့် မှန်ကန်မှုရှိအောင် တာဝန်ယူမည်ဟုလည်း အဆိုပါ မိန့်ခွန်းတွင် ကတိပေးစကား ပြောသည်။

အထက်ပါအတိုင်း သမ္မတက ပြောသော်လည်း အတိုက်အခံ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်မှု ရှိနိုင်သော်လည်း တရားမျှတမှု ရှိနိုင်မည် မဟုတ်ဟု သုံးသပ်ကြသည်။

လက်ရှိ အနေအထားအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးကြီးပုဒ်မ (ပုဒ်မ ၄၃၆၊ ၅၉ စ) များကို ပြင်ဆင်နိုင်ဖွယ် မရှိသည့်အတွက် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ရွေးကောက်ပွဲဟာ လွတ်လပ်ပါလိမ့်မယ်။ တရားမျှတမှုတော့ ရှိလိမ့်မယ် မထင်ဘူးလို့ ကျွန်တော် ပြောချင်တယ်။ လွတ်လပ်မယ် ဆိုတာက နိုင်ငံတကာကလည်း ဝိုင်းဝန်းစောင့်ကြည့်နေ တယ်။ ပံ့ပိုးမှုတွေ ရှိနေတယ်လေ။ တရားမျှတမှုရှိမှာ မဟုတ်ဘူးဆိုတာက ၅၉(စ)ကို မပြင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ပါတီက အများစု အနိုင်ရရင်တောင် သမ္မတ အရွေး ခံခွင့်ရှိမှာ မဟုတ်ဘူးလေ” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

အကြောင်းမှာ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)သည် ကွယ်လွန်သူခင်ပွန်းနှင့် အင်္ဂလန်နိုင်ငံသား ခံယူထားသည့် သားနှစ်ယောက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသောကြောင့် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ နိုင်ငံကို ဦးဆောင်မည့် အစိုးရတစ်ရပ်သည်အောက်ခြေလူတန်းစား ပြည်သူတို့အတွက်အလေးထား စဉ်းစားစေချင်သည်ဟု ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားကြီးတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly