လူလတ်ပိုင်းအများစုနှင့် အမျိုးသမီး ၆၀ ပါဝင်သည့် တ.စ.ည ကိုယ်စားလှယ်လောင်းများ ဇွန်လဆန်း အပြီးရွေးမည်

လူလတ်ပိုင်းအများစုနှင့် အမျိုးသမီး ၆၀ ပါဝင်သည့် တ.စ.ည ကိုယ်စားလှယ်လောင်းများ ဇွန်လဆန်း အပြီးရွေးမည်

ရန်ကုန်၊ မေ ၃၀ ။    ။ လူလတ်ပိုင်းအများစုနှင့် အမျိုးသမီး ၆၀ ဦး ပါဝင်သည့်  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တ.စ.ည) မှ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များကို ဇွန်လဆန်းတွင် အပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းရီက မဇ္ဈိမကို ပြောသည်။

“တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေမှာ လူလတ်ပိုင်းတွေ ပိုများမယ်။ လူကြီးပိုင်းကလည်း အတွေ့အကြုံရှိသလို စွမ်းစွမ်းတမံလုပ်ဖို့ လူငယ်တွေလိုတယ်။ အရင်အနိုင်ရခဲ့တဲ့သူတွေကလည်း အကုန်နီးပါးပြန်ဝင်ကြမယ်" ဟု ၎င်းက ဆိုသည်။

တ.စ.ည ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လ ပထမ အပတ်အတွင်း ပြုလုပ်မည့် ပါတီဗဟိုနှင့် တိုင်း/ ပြည် နယ်ဥက္ကဋ္ဌများ ညှိနှိုင်းအစည်းအဝေးတွင် နောက်ဆုံး ရွေးချယ်သွား မည်ဖြစ်သည်။ တ.စ.ည ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်နေရာအားလုံးတွင် ဝင်ပြိုင်နိုင်မည့် မြို့နယ်ကို (က) အဆင့်အဖြစ် သတ်မှတ် ထားပြီး၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်နေရာများသာ ဝင်ရောက်မည့် မြို့နယ်ကို (ခ) အဆင့် နှင့် မည့်သည့်နေရာမှ မဝင်သည့် မြို့နယ်ကို (ဂ) အဆင့် သတ်မှတ် ထားသည်။

ယင်းကြောင့် (က) အဆင့် မြို့နယ် ၁၄၂ ခု၊ (ခ) အဆင့်မြို့နယ် ၈၃ ခုသို့ ကိုယ်စားလှယ်ပေါင်း ၄၇၀ ကျော်ဖြင့် ဝင်ရောက်ရန် လျာထားသည်။ (ဂ) အဆင့် ၈၀ သည်လည်း ရွေးကောက်ပွဲ နီးလာသည်နှင့်အမှု အတိုးအလျော့များ ရှိလာနိုင်သည်ဟု ဦးထွန်းရီက ပြောသည်။

တစညပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ၄၇ ဦး ရွေးချယ်ခံထားရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့် ရက်ကြေညာပြီးသည့် အချိန်မှ စတင်ကာ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း နာမည်စာရင်းများကို ပါတီတို့က ကော်မရှင်ထံသို့ တင်ပြရမည်ဖြစ်သည်။

"ကျွန်တော်တို့ ရက် ၁၂၀ လောက်ကြိုပြီးကြေညာဖို့ ဆုံးဖြတ်ထားတယ်၊ အဲဒီနောက် ၁၅ ရက် အတွင်း မဲဆန္ဒနယ်တွေကို ကြေညာမယ်၊ ဒါမှ သက်ဆိုင်ရာ နယ်တွေမှာ ဝင်မယ့် ကိုယ်စား လှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းနိုင်အောင်လို့ပါ" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၂၆ ရက်တွင် မဇ္ဈိမကို ပြောထားသည်။

ပြည်ခိုင်ဖြိုးပါတီကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ  မဲဆန္ဒနယ် ၁,၁၁၂ နေရာတွင် ရွေးကောက်ပွဲဝင် မည့် ကိုယ်စားလှယ်လောင်းများ အပြီးသတ်ရွေးချယ်မှု၊ ၂၀၁၅ အလွန် ပါတီခေါင်းဆောင် အဖွဲ့များ ရွေးချယ်သည့် ဗဟိုကော်မတီအစည်းအဝေးကို မေ ၂၉ ရက်နှင့် ၃၀ ရက်တွင် ပါတီဗဟိုဌာနချုပ် (နေပြည်တော်) ၌ ပြုလုပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly