ဟိုင်းကြီးကျွန်းတွင် ထိန်းသိမ်းထားသူများကို လ.ဝ.က က စတင်စိစစ်

ဟိုင်းကြီးကျွန်းတွင် ထိန်းသိမ်းထားသူများကို လ.ဝ.က က စတင်စိစစ်

ရန်ကုန်၊ မေ ၃၀ ။      ။ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းတွင် ထိန်းသိမ်းထားသော လှေစီးဒုက္ခသည်များသည် မည်သည့် နိုင်ငံသားဖြစ်ကြောင်းကို လ.ဝ.က က စတင်စိစစ်လျက်ရှိသည် ဟု ဟိုင်းကြီးကျွန်း လ.ဝ.က ဦးစီး ဦးအောင်တိုးက ပြောသည်။

၎င်းတို့ကို ဟိုင်းကြီးကျွန်း ရေတပ်စခန်းတွင် ထိန်းသိမ်း၍ နိုင်ငံသား အထောက်အထားကတ် များနှင့် အချက်အလက်များကို စိစစ်လျက်ရှိပြီး အဖြေမပေးနိုင်သေးဟု ဆိုသည်။

" ဒီနေ့မနက်က မှ စ စစ်တာဗျ၊ လူတွေကတေ့ာ ဘင်္ဂါလီတွေပဲ၊ ဒါပေမယ့် သူတို့ရဲ့ ဘယ်နိုင်ငံလဲ ဘယ်လို လာတာလဲဆိုတာကို စိစစ်နေတုန်းပါပဲ" ဟု ဦးအောင်တိုးက ဆိုသည်။

ထိုသို့ စိစစ်ရာတွင် ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များကို ဖြည့်စွက်ရခြင်းဖြစ်ပြီး ထိုသို့ ဖြည့်စွက်မှုပြီးစီးမှသာ သိ မည်သည့်နိုင်ငံသားဖြစ်ကြောင်းသိရှိနိုင်မည် ဟုပြောကြားခဲ့သည်။

မေ ၂၉ ရက်က ဧရာဝတီတိုင်းဖျာပုံမြို့နယ် အနောက်ဘက် ရေမိုင်သုံးဆယ် အကွာတွင် ဖမ်းဆီးမိခဲ့ သော သင်္ဘောပေါ်တွင် လှေစီးဒုက္ခသည် ၇၂၇ ယောက်ပါဝင်ခဲ့ပြီး ၎င်းတို့ကို ဘင်္ဂါလီ များဖြစ်သည် ဟု အစိုးရ သတင်းစာက ထုတ်ပြန်ကြေညာထားသော်လည်း ၎င်းတို့ စတင်ထွက်ခွာခဲ့သော နိုင်ငံကို စိစစ်နေရဆဲဖြစ်သည်။

"စာတတ်သူလည်းပါတယ်၊ မတတ်တဲ့သူလည်းပါတဲ့အတွက် ပိုပြီးအချိန်ယူရပါတယ်"ဟု ၎င်းက ဆိုသည်။ ၎င်းတို့ သည် မြန်မာ့ပင်လယ်ပြင်အတွင်း ဒုတိယအကြိမ် ဖမ်းဆီးရမိခြင်းဖြစ် သည်။ မေ ၂၁ ရက်က ရခိုင်ပြည်နယ်တွင် ဖမ်းဆီးရမိသော စက်လှေတွင် လှေမောင်းသူနှင့် လှေလုပ်သားများမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။

ပထမအကြိမ် ဖမ်းဆီးမိသော ဒုက္ခသည် နှစ်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ဆိုထားသော်လည်း လွှဲပြောင်းနိုင်ခြင်း မရှိသေးပေ။ ရခိုင်ပြည်နယ် လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူက ပင်လယ်ပြင်တွင် နောက်ထပ်လှေ အချို့ရှိနိုင်သေးသည် ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly