လက်ရှိ အခြေအနေတွင် အပြောင်းအလဲများကို ဒေါ်အောင်ဆန်းစုကြည် ဖန်တီးရန် လွယ်ကူဦးမည် မဟုတ်ဟု မီရှဲယို ပြောကြား

လက်ရှိ အခြေအနေတွင် အပြောင်းအလဲများကို ဒေါ်အောင်ဆန်းစုကြည် ဖန်တီးရန် လွယ်ကူဦးမည် မဟုတ်ဟု မီရှဲယို ပြောကြား

ရန်ကုန်၊ မေ ၃၀ ။     ။ လက်ရှိ အခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲများကို ဖန်တီးရန် လွယ်ကူဦးမည် မဟုတ်ဟု The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည် နေရာက ပါဝင်သရုပ်ဆောင်ထားသည့် မင်းသမီး မီရှဲယိုက မေ ၃၀ ရက်က သူ၏ ကော့မှူးခရီးစဉ်တွင် ပြောကြားလိုက်  သည်။  

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်သည့် မင်းသမီးက မေ ၃၀ ရက်တွင် ကော့မှူးမြို့သို့  သွားရောက်ခဲ့ပြီး ဆိုင်ကယ်ဦးထုပ်များ လှူဒါန်းမှု ပြုလုပ်ကာ ယင်းခရီးစဉ်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက “အပြောင်းအလဲ တော်တော်များများကို ဖန်တီးဖို့ ဒေါ်စုအတွက်တော့ လောလောဆယ် လွယ်ကူဦးမှာ မဟုတ်ပါဘူး။ လက်ရှိအချိန်က ဒေါ်စုမှာ ဆုံးဖြတ်ခွင့် မရှိဘူးလေ။ အစိုးရနဲ့ ပိုပြီး ထိတွေ့ဖို့ မျှော်လင့်ပါတယ်။ နောက်ပြီး သမ္မတကလည်း နှစ်ဦးကြား ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ဘက်မှာ ရှိနေတယ်လို့ မြင်ပါတယ်” ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် လေးနှစ်ခန့်က  ရန်ကုန်သို့ သူ ရောက်လာသည့် အချိန်ထက် စာပါက ပိုမိုသည့် ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့နေရပြီး အကောင်းဘက်ကို သွားသည့် အနေအထား ဖြစ်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။

“နေရာတော်တော်များများမှာ၊ လမ်းတွေမှာ လူတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြ တာကို တွေ့လာရပါတယ်။ ကျွန်မကတော့ ဒါဟာ အကောင်းဘက်ကို သွားဖို့ဖြစ်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မှန်ကန်တဲ့ အနေအထားကို ရောက်အောင် အချိန်ယူပြီး ပြုစုပျိုးထောင်ရတာ ဖြစ်လို့ပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

ကုလသမဂ္ဂအဖွဲ့၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သံအမတ်အဖြစ် ခန့်အပ်ထားသည့် မီရှဲယိုသည် မေ ၃၀ ရက်တွင် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ နံနက် ၉ နာရီတွင် ရောက်ရှိပြီး ဆိုင်ကယ်ဦးထုပ်အလုံး ၈၀ ခန့် လှူဒါန်းခဲ့သည်။

၎င်းက မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် လူထုကို ပညာပေးသောအားဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့် NCTC ဟိုတယ် သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများကို ဆိုင်ကယ်ဦးထုပ်များ လှူဒါန်းခဲ့ပြီး ပညာပေးစကားများလည်း ပြောကြားခဲ့သည်။

ဆိုင်ကယ်ဦးထုပ် လှူဒါန်းသည်နှင့် ပတ်သက်ပြီး မီရှဲယိုက “လမ်းမတွေပေါ်မှာ လူငယ်တွေကို မော်တော်ဆိုင်ကယ်စီးတဲ့ အရေအတွက်က ၁ ဒသမ ၆ သန်းလောက် ရှိနေတယ်လို့ ကျွန်မတို့ သိထားပါတယ်။ သေချာတာက သိပ်မကြာခင်မှာပဲ ဒီအရေအတွက်က နှစ်ဆလောက်ဖြစ်သွားမှာပါ။ ဒါကြောင့် မတော်တဆမှု တွေကနေ ကာကွယ်ရမှာတွေ၊ ဒီမတော်တဆမှုအတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှုတွေကနေ ကာကွယ်နိုင်အောင် ဦးထုပ်တွေ ဆောင်းပေးပါလို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးနှင့် ပတ်သက်ပြီး အစိုးရကလည်း စည်းကမ်း ဆိုင်ရာ  အကြောင်းအရာများကို အမြဲတမ်း ပြောပြသွားရမည်ဖြစ်ပြီး မောင်းနှင်သူများ ကလည်း လုံခြုံရေး ခါးပတ်ကို ပတ်ထားရမည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် လေးစားမှုများ ရှိရမည်ဟုလည်း မီရှဲယို က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၎င်း၏ မဲဆန္ဒနယ်မြေ ကော့မှူးသို့ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က သွားရောက်ခဲ့စဉ်တွင် အဆိုပါ သင်တန်းကျောင်းမှ ကျောင်းသား တစ်ဦး ဆိုင်ကယ်မှောက်သေဆုံးခြင်းနှင့် ဆက်စပ်၍ အရည်အသွေးမီသည့် ဆိုင်ကယ်ဦးထုပ် မဆောင်းထား၍ ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သေးသည်။  

မီရှဲယိုသည်  ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာချိန်၌ ပထမအကြိမ် လာရောက်ခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ခြင်းဖြစ် ကာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း စာကြည့်တိုက်၊  ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့် NCTC ဟိုတယ်သင်တန်း ကျောင်းနှင့် အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်၊ အောင်ဇမ္ဗူ လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ သွားရောက်လေ့လာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags