ရေလျှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းများ မြို့တော်စည်ပင် အမှန်တကယ် ပြုလုပ်ခြင်း မရှိဟု တိုင်းလွှတ်တော် အမတ်ဆို

ရေလျှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းများ မြို့တော်စည်ပင် အမှန်တကယ် ပြုလုပ်ခြင်း မရှိဟု တိုင်းလွှတ်တော် အမတ်ဆို
မိုးရွာသွန်းမှု ရပ်တန့်သွားသော်လည်း မြောင်းများ အမှိုက်များနှင့် ပိတ်ဆို့နေမူကြောင့် လမ်းများပေါ်တွင် ရေများလျှံနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ မေလ ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ ရေကြီးမှု နှစ်စဉ် ဖြစ်ပေါ်နေခြင်းမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ရေကြီးရေလျှံမှုနှင့် ပတ်သက်သော အချို့လုပ်ငန်းများကို အမှန်တကယ်ပြုလုပ်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု တိုင်းလွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ဝေဖန်ပြောဆိုလိုက် သည်။

မေ ၂၃ ရက်နံနက်ပိုင်း၌ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် အခြားနေရာများ တွင်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းက တိုင်းလွှတ်တော်တွင် မေးခွန်း မေးမည်ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

၎င်းက “ရန်ကုန်မြို့ ရေလျှံတာကို ကုစားဖို့ဆိုရင် အကြီးစားမြောင်းဖော်မှုတွေ၊ အကြီးစားပြင်ဆင်မှု တွေ လုပ်ရမယ်။ ပိုက်ဆံတွေကတော့ သုံးတယ်။ နှစ်စဉ် ဘီလီယံ ၂၀ ကျော်လောက် စည်ပင်က သုံးတယ်။ ရေမြောင်းတွေကိစ္စနဲ့ ပတ်သက်ပြီးတော့လေ။ တကယ် လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ အရေးကြီးတယ်။ ဥပမာ လုပ်ငန်းတွေကို စာရွက်ပေါ်မှာပဲ ပျောက်သွား တာမျိုး မဖြစ်စေချင်ဘူး” ဟု ဆိုသည်။

ဒေါ်ညိုညိုသင်းက ၂၀၁၄ ခုနှစ် အတွင်းတွင် တိုင်းလွှတ်တော်၌ ရေကြီးသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီက တာဝန်ခံမှုရှိသလားဟု မေးမြန်းရာတွင် ယင်းဘက်မှ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရေကြီးမှုကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ရေကြီးတာက ဘာကြောင့်လဲ။  အစ်မကြည့်ပြီးတော့ လိုအပ် တာတွေကို သက်ဆိုင်ရာစည်ပင်နဲ့ ပြောရမယ်။ ဘယ်လိုပုံစံ ကြီးတာလဲဆိုတာ အစ်မလည်း မသိသေးဘူး။ ချောင်းရေကပဲ ကြီးတာလား။ ကန်တော်ကြီးကပဲ ရေလျှံပြီးဒီဘက်ကို ရောက်တာလား။ အခု လက်ရှိအနေအထားအရတော့ မြို့နယ်စည်ပင်ဥက္ကဋ္ဌတွေ ရှိတယ်။ အုပ်ချုပ်ရေးပိုင်းတွေနဲ့ သေချာမေးပြီးတော့ လုပ်သင့်တာတွေ ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းရှိ ကန်တော်လေးရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက “ကျွန်တော်တို့ လမ်းမကြီးကို ကွန်ဂရစ် ၈ လက်မ နီးပါးအမြင့် ခင်းထားတယ်။ ဒါပေမယ့် မိုးရွာ လာတော့ လူကြီးဒူးခေါင်းလောက် အထိကို မြုပ်နေတယ်။ မြောင်းလည်း ဆယ်ထားပါတယ်။ ကျွန်တော်တို့ အိမ်က အုတ်ပုံလေး ခင်းထားတာ အဲဒါကို ကျော်ပြီးတော့ အိမ်ထဲကို ရေတွေဝင်လာတယ်” ဟု ၎င်းက ပြောသည်။

အများပြည်သူ ခံစားနေရသည့် ရေကြီးရေလျှံမှုကို တာဝန်ရှိသူများက လုပ်ငန်းစဉ်များ အမှန်တကယ် ပြုလုပ်ခြင်းရှိမရှိကို အခြားသောဌာနများက ထပ်ဆင့်စစ်ဆေးနိုင်သော ပွင့်လင်းမြင်သာမှုရှိသည့် တာဝန် ယူမှု၊ တာဝန်ခံမှု စနစ်တစ်ခု ဖြစ်လာဖို့ရန် လိုအပ်ပြီး အစိုးရအဖွဲ့က အမှန်တကယ်ပြုလုပ်ကြောင်းကို အခြားသော အဖွဲ့များ၏ အစစ်ဆေးအထိန်းအကျောင်းခံဖို့ လိုအပ်ကြောင်း တိုင်းလွှတ်တော် အမတ် ဒေါ်ညိုညိုသင်းက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင်း မိုးရာသီကာလ၌ ရေကြီး ရေလျှံမှု မဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟုလည်း ရွေးကောက်ခံ ခရိုင်ကိုယ်စားလှယ် အချို့က မဇ္ဈိမကို ပြောထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly