ပုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုများ ကြံုတွေ့နေဟု သမ္မတ ပြော

ပုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုများ ကြံုတွေ့နေဟု သမ္မတ ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်တစ်ရပ်သို့ ပြောင်းလဲရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ကြုံတွေ့နေရ သည်ဟု သမ္မတဦးသိန်းစိန်က ဆိုလိုက်ပြီး အောင်မြင်အောင်ဆောင်ရွက် ကြရန် မေလ ၂၃ ရက် နေပြည်တော် မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သည့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင်ရေးဆွဲရေးဆိုင်ရာ အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။

“ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တစ်ရပ်သို့ ကူးပြောင်းမှုဟာ ကျယ်ပြန့်နက်ရှိုင်းပြီး နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် အသွင်
ကူးပြောင်းရေး လမ်းကြောင်းပေါ်မှာရှိတဲ့ တခြားနိုင်ငံများလိုပဲ၊ အခက်အခဲ စိန်ခေါ်မှုများနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် ဒီလို အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက်မှာဖြစ်ပြီး
နောက်ကြောင်း ပြန်လှည့်မှာလည်း မဟုတ်ပါကြောင်း ပြောကြားလိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာစေရေးအတွက် ပြည်သူ့အကျိုးဆောင်ရွက်ပေးလျက် ရှိသော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိရန်လည်း သမ္မတက တိုက်တွန်းသည်။

ထို့အပြင် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ဗဟိုဦးစီးစနစ် လျှော့ချခြင်း၊ ပြည်နယ်တိုင်း ဒေသကြီးများသို့ ဘတ်ဂျက်များ ပိုမိုခွဲဝေချထားပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးခြင်း၊ ဝန်ကြီးဌာနအဆင့်ဆင့်ကြား ပေါင်းစပ်ညှိနှိုင်းပေးမှုတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

"အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပြည်သူများရဲ့ဆန္ဒ လိုအပ်ချက် မျှော်လင့်ချက်များဟာ အလွန်များပြားပါတယ်။ လိုအပ်ချက်အားလုံးကို ပြည့်မီအောင် လုပ်ဆောင်ဖို့ ဆိုတာ လည်း အစိုးရသက်တမ်းတစ်ခုနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကိုလည်း ကြွရောက်လာသူများ အားလုံးလည်း သိပြီးဖြစ်ပါတယ်” ဟု နိုင်ငံတော် သမ္မတက ပြောသည်။

အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းသည် ရေရှည် အစဉ်အဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး တိုင်းပြည်နှင့်
ပြည်သူများအတွက် ခိုင်မာသော အုတ်မြစ်ကောင်းတစ်ခု လိုအပ်လျက်ရှိသည်ဟု ဆိုသည်။ နိုင်ငံတော်၏ ရည်မှန်းချက်များ အစိုးရအဖွဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဖော်ပြထားသည့် မဟာဗျူဟာ မှတ်တမ်းအဖြစ် နောင်လာမည့် အစိုးရများထံသို့ လက်ဆင့်ကမ်းနိုင်မည့် အမွေတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

အစိုးရအဖွဲ့၏ ကျန်ရှိသက်တမ်းအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရေရှည်ခိုင်မာမည့် အခြေခံ အုတ်မြစ်ကောင်းများ ချမှတ်ပေးရန်လည်း သမ္မတက တိုက်တွန်းသည်။

“မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ပါဝင်ကူညီ ဆောင်ရွက်ပေး ခြင်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကို အောင်မြင်အောင် ဖော်ဆောင် ပေးခြင်း ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly