နိုင်ငံတကာ ပညာရေးစနစ်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဘကကျောင်းများတွင် အကောင်အထည် ဖော်မည်

နိုင်ငံတကာ ပညာရေးစနစ်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဘကကျောင်းများတွင် အကောင်အထည် ဖော်မည်
ပဲခူးတိုင်းဒေသကြီး သမီးကလေးကျေးရွာအနီးရှိ ဘုန်းတော်ကြီးသင်စာသင်ဝိုင်းတစ်ခုအား ဇန်နဝါရီလ ၁၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ (ဘက)  ကျောင်းများတွင်  နိုင်ငံတကာ ပညာရေး စနစ်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့၊ နောင်တောင်းကျောင်းတွင် ပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီး သင် ပညာရေး ညီလာခံအပြီးတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းလိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံကို မေလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းညီလာခံမှ ဘကကျောင်းများနှင့် ပတ်သက်သည့် အခန်း ၉ ခန်း အချက် ၄၂ ချက်ပါ မူဝါဒများ ချမှတ်ခဲ့၍ အဆိုပါ မူဝါဒများကို အကောင်အထည် ဖော်သွားမည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည်။
ညီလာခံဖြစ်မြောက်ရေး အမှုဆောင်ဆရာတော် ဦးစန္ဒာဝရက “ မူဝါဒ ချမှတ်ထားတာတွေကို အကောင်အထည် ဖော်သွားမှာပါ။ ပြီးတော့ ကြေညာချက်ပါ အချက်တွေကိုလည်း အကောင်အထည်ဖော်သွားမှာပါ” ဟု ပြောသည်။

ဘကကျောင်းများနှင့် ပတ်သက်သည့် မူဝါဒများတွင် ဘကကျောင်းများ ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေ ရှာဖွေခြင်း၊ ဘကကျောင်း ဆရာ၊ ဆရာမများအတွက် အရည်အချင်းမြှင့်သင်တန်းများ ပေးနိုင်ရေးတို့ ပါဝင်သည်။

ညီလာခံမှ ထုတ်ပြန်သည့် ကြေညာချက်တွင် တစ်နိုင်ငံလုံးရှိ ဘကကျောင်းများ အရည်အသွေး တိုးတက်စေရေး ဆောင်ရွက်သွားရန်၊ ဘကကျောင်းများ ရေရှည်တည်တံစေရေး နည်းလမ်းများ ရှာဖွေ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကျောင်းသင်ရိုးညွှန်းတမ်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စာရိတ္တပြည်သူ့နီတိ ဘာသာရပ် ထည့်သွင်းပြဋ္ဌာန်းရန်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ၊ဆရာမ များအတွက် ဆရာအတတ်သင်ကျောင်းများ၊ ကောလိပ်များ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဘကကျောင်းများ အချင်းချင်း အတွေ့အကြုံများကို မျှဝေဖလှယ်ရန်တို့ ပါဝင်သည်။

အမျိုးသားပညာရေး ဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးပါက ဘကကျောင်းနှင့် ပတ်သက်သည့် နည်းဥပဒေများ ပေါ်ထွက်လာမည်ဖြစ်ပြီး ယင်း နည်းဥပဒေတွင် စစ်မှန်သည့် မူဝါဒများ ပါဝင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဘက ကျောင်းများသည် ဘကကျောင်းဆရာ၊ ဆရာမများ လစာငွေနည်းပါးခြင်း၊ ဆရာ၊ဆရာမ များ မတည်မြဲခြင်း၊ ဘကကျောင်း ရန်ပုံငွေမလုံလောက်ခြင်းများ ကြုံတွေ့ရင်ဆိုင်နေရသည်။ ဘကပညာရေး ပထမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ်ဇွန်လအတွင်းက ကျင်းပခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly