ဖမ်းမိ လှေစီးဒုက္ခသည်များ ရခိုင်ပြည်နယ်မှ မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်ပြော

ဖမ်းမိ လှေစီးဒုက္ခသည်များ ရခိုင်ပြည်နယ်မှ မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ပင်လယ်ပြင်တွင်းရောက်ရှိနေသည့် ထောင်နှင့်ချီသော လှေစီးဒုက္ခသည်များသည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှဟု ဒေသတွင်းနိုင်ငံများက ယူဆလျှက်ရှိသော်လည်း ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ထိုဒုက္ခသည်များသည် ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသူများမဟုတ်ဟု ငြင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ တစ်သန်းခန့်ရှိပြီး ထိုဘင်္ဂလီလူမျိုးများသည် ရေကြောင်းထွက်ပေါက်များမှ တဆင့် အခြားသော နိုင်ငံများသို့ သွားလာနေသည့် သတင်းများလည်း ဒေသတွင်း ထွက်ပေါ်လျှက်ရှိနေချိန်တွင် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်က ထွက်သွားတဲ့သူတွေ လုံးဝမဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ကို ဝင်လာတာတွေပဲရှိပါတယ်၊ ရေတပ်နဲ့ နယ်ခြားစောင့်တပ်လည်း ရှိပါတယ်။ ဒါမှ မဟုတ်သေးဘူးဆိုရင် စစ်ဆေးကြည့်ပါ။ ဟုတ်တယ်လို့ ခိုင်လုံရင် လက်ခံလိုက်မယ် နိုင်ငံတကာက ဆိုပေမယ့် မဟုတ်ဘဲနဲ့တော့ မပြောပါနဲ့ ”ဟု ဦးမောင်မောင်အုန်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ကမ်းရိုးတန်း ဒေသတောက်လျှောက်သည် ပင်လယ်ထွက်ပေါက်တစ်ခုဖြစ်နေပြီး ပင်လယ်ပြင် လုံခြုံရေးအတွက် အစိုးရ၏ အစီအမံများ ထိရောက်မှု မရှိခြင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထားသည်။

“ဘင်္ဂလားဒေ့ရှ်ကို သစ်ခိုးထုတ်တာတွေ၊ အခြားမူးယစ်ဆေးဝါး သယ်ယူပို့ဆောင်တာတွေ၊ ဘင်္ဂါလီ အဝင်အထွက်တွေ အားလုံးက
ပင်လယ်ထွက်ပေါက်တွေကပဲ ကမ်းရိုးတန်း လုံခြုံရေး မရှိတဲ့အတွက် တဖက်နိုင်ငံနဲ့ နီးစပ်နေတဲ့အတွက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာ အများကြီးရှိတယ်”ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောသည်။
 
၂၀၁၄ ခုနှစ် အတွင်း ၁၉၈၂ နိုင်ငံသားစိစစ်မှုများပြုလုပ်ချိန်တွင် ဒုက္ခသည် စခန်းများမှ ဘင်္ဂလီများရွှေ့ပြောင်းသွားလာမှု ရာနှင့်ချီ၍
ဖမ်းဆီးမိခဲ့သေးသည်။

မောင်တောမြို့နယ် အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးလှသိန်းက “ပွဲစားတွေက မြို့ထဲမှာနေပြီး ရွာဘက်က လူတွေကို ကုန်သည်တယ်၊ ခိုးထွက်လားနားလည်မှုနဲ့ ထွက်သလားဆိုတာတော့ ကျွန်တော်တို့မသိဘူး”ဟု ဆိုသည်။

၎င်း၏ အဆိုအရ ခုနှစ်တွင် မောင်တော်မြို့ပေါ်ရပ်ကွက်များမှ ဘင်္ဂလီ ၃၀၀ ဝန်းကျင်ခန့် အလုပ်အကိုင်အတွက် သွားရောက်ခဲ့သည် ဟုဆိုသည်။ စစ်တွေ ဒေသခံ ဦးတင်ထွန်းက မူ “ထွက်တာတော့ ကျွန်တော်တို့ မသိဘူး အရင်က ဆယ်အိမ် ကိုးအိမ်ပဲရှိတဲ့ ဘင်္ဂါလီရွာတွေ အခုဆိုရင် ရာနဲ့ချီပြီးဖြစ်နေတာကိုတော့ အစိုးရအဖွဲ့ခရီးစဉ်နဲ့ လိုက်ခဲ့တုန်းကတွေ့ရတယ်” ဟု ဆိုသည်။

မေ ၂၂ ရက်တွင်လည်း ဘင်္ဂါလီ ၂၀၀ ခန့် တင်ဆောင်လာသည့် စက်လှေတစ်စီးကို မောင်တော်မြို့နယ် ရေမိုင် ၄ မိုင်အကွာပင်လယ်ပြင်တွင် မြန်မာရေတပ် တပ်မတော် ရေယာဉ်အမှတ် ၅၆၈ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စစ်ဆေးချက်များအရ စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အုမင့် ဖြစ်သည်ဟု ပြန်ကြားရေး အင်တာနက် စာမျက်နှာကဆိုသည်။ ဖမ်းဆီးရမိသူများကို ရခိုင်ပြည်နယ်အစိုးရက ယာယီစခန်းဖွင့်ကာ ကူညီပေးနေပြီး စိစစ်မှုများ ပြုလုပ်နေသည်ဟုဆိုသည်။

မေ ၁၇ ရက်က မောင်တော်မြို့နယ်တွင် လှေနှင့်မျောပါလာသော ဘင်္ဂါလီဆယ့်တစ်ဦးကို တွေ့ရှိခဲ့ပြီး ထိုဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟုဆိုကာ ပြည်နယ် အစိုးရက ပြန်လွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly