ကချင်တွင် တိုက်ပွဲ ပြင်းထန်၍ အစိုးရနှင့် ကေအိုင်အို တစ်နာရီကြာ အရေးပေါ် ဆွေးနွေး

ကချင်တွင် တိုက်ပွဲ ပြင်းထန်၍ အစိုးရနှင့် ကေအိုင်အို တစ်နာရီကြာ အရေးပေါ် ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာတွင် တိုက်ပွဲပြင်းထန်လာသဖြင့် အစိုးရနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ဝင်များ တစ်နာရီကြာ အရေးပေါ်တွေ့ဆုံဆွေးနွေး၍ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေးအတွက် နှစ်ဘက် ထိန်းသိမ်းရန် ဆွေးနွေးပြောဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။   

မေလ ၂၁ ရက် မွန်းလွဲ ၁၁ နာရီမှ ၁၂ နာရီကျော်ကြာ မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု အဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်ပြီး အစိုးရ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ကချင်ပြည်နယ်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)မှ  ဗိုလ်မှူးကြီး သန်းအောင်ဘက်က နှစ်ဘက်တွေ့ဆုံ ဆွေးနွေးကြရန် အကြောင်းကြားလာသဖြင့် အရေးပေါ် တွေ့ဆုံခြင်း ဖြစ်သည်။

ဦးလမိုင်ဂွမ်ဂျာက “နမ်လင်းပါဘက်မှာ မနေ့ကလည်း ဖိုက်တာနှစ်စီးနဲ့ လာပစ်တယ်။ ပြဿနာ ကြီးထွားလာမှာကို စိုးရိမ်လို့ အမြန်ဆုံး ဖြေရှင်းမယ်ဆိုပြီး တွေ့ဆုံကြတယ်။ အစိုးရဘက်က လေယာဉ်နဲ့ လာတိုက်တာက သစ်တွေ လာဖမ်းတာဖြစ်တယ်။ နိုင်ငံတော် သယံဇာတဖြစ်လို့ ကာကွယ်တာ ဖြစ်တယ်။ ကေအိုင်အိုကို တိုက်ဖို့တက်လာတာ မဟုတ်ဘူး။ ရည်ရွယ်ချက်မရှိဘူး။ သစ်တောတွေ သွားကြည့်တာ သက်သက်ပဲ ဆိုပြီးပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

၎င်းက ဆက်လက်ပြီး “ကေအိုင်အိုဘက်ကလည်း သူတို့နေတဲ့ဘက်ကို စစ်ကြောင်း ၅၊ ၆ ကြောင်း တက်လာရင်တော့ သူတို့ နယ်မြေ ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ရတာ ဖြစ်တယ်ဆိုပြီး နှစ်ဘက် သဘောထားတွေ တင်ပြကြတယ်။ ဒါကြောင့် ဆက်ပြီး တိုက်ပွဲတွေ မဖြစ်အောင် တစ်ဘက်နဲ့တစ်ဘက် ထိန်းထိန်းသိမ်းသိမ်း သွားမယ်ဆိုတာ ဆွေးနွေးကြတယ်” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ဘက် သဘောထားများ တင်ပြဆွေးနွေးနိုင်ခဲ့သဖြင့်  တွေ့ဆုံမှုသည် ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ အစိုးရဘက်မှ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးလည်းဖြစ်သူ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော အဖွဲ့ဝင် ငါးဦးနှင့် KIO ဘက်မှ မြစ်ကြီးနားရုံးတွင် ရှိနေသော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကြီးနော်လီနှင့် ဆရာ ဂွမ်ဂျာခွမ်နှင့် PCG ဘက်မှ ကိုယ်စားလှယ် သုံးဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောသည်။ အရေးပေါ် တွေ့ဆုံ ဆွေးနွေးခဲ့သဖြင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က တက်ရောက်လာ နိုင်ခြင်းမရှိခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

နှစ်ဘက် တွေ့ဆုံမည် ဆိုပါက သုံးရက်ကြိုတင် အကြောင်းကြားရန် သဘောတူထားသော်လည်း ယခုတွေ့ဆုံမှုသည် အစိုးရဘက်မှ သုံး ရက်ကြိုတင်အကြောင်း မကြားသဖြင့် မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၆ ရက်မှ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ယနေ့ မေလ ၂၁ ရက် မွန်းလွဲပိုင်းတွင်လည်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်မှု ရှိသော်လည်း မြေပြင်တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

ပုံမှန်အားဖြင့် လာမည့် ဇွန်လ ပထမပတ်တွင် နှစ်ဘက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဝင်များ ပြန်လည်တွေ့ဆုံဆွေးနွေးရန် သဘောတူညီထားသော်လည်း မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာတွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာသဖြင့် အရေးပေါ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် တနိုင်းဒေသဘက် တိုက်ပွဲ ပြင်းထန်လာသဖြင့် နှစ်ဘက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့ အရေးပေါ် တွေ့ဆုံဆွေးနွေး၍ တိုက်ပွဲဖြစ်ပွား သည့် မြေပြင်သို့ သွားရောက်စစ်ဆေးရန် သဘောတူညီခဲ့သော်လည်း ပျက်ပြယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags