အာရှစောင့်ကြည့် စာရင်းဝင် Rage Of Rama မြန်မာဂိမ်း ဇူလိုင်လကုန်တွင် စမ်းသပ်ဗားရှင်း ထုတ်မည်

အာရှစောင့်ကြည့် စာရင်းဝင် Rage Of Rama မြန်မာဂိမ်း ဇူလိုင်လကုန်တွင် စမ်းသပ်ဗားရှင်း ထုတ်မည်

ရန်ကုန်၊ ဇွန် ၂ ။     ။ အာရှနိုင်ငံများမှ ထွက်ရှိလာမည့် ဂိမ်းများအနက် စောင့်ကြည့်ရမည့် ဂိမ်း ၁၁ မျိုး စာရင်းတွင် ပါဝင်ခဲ့သည့် Rage Of Rama မြန်မာဂိမ်းကို ဇူလိုင်လ အကုန်ပိုင်းတွင် စမ်းသပ်ဗားရှင်း စတင်ဖြန့်ချိ မည်ဟု ယင်းဂိမ်းကို ရေးဆွဲနေသည့် Total Game Play Studio ၏ နည်းပညာ အရာရှိချုပ် ကိုမြင့်ကျော်သူက ပြောသည်။

၎င်းက “စမ်းသပ်ဗားရှင်းကို ဇူလိုင်လ အကုန်ပိုင်းလောက်မှာ မိတ်ဆက်ဖို့ ရည်ရွယ်ထားပါ တယ်။ အရင်က စီစဉ်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်တော့ပါဘူး။ ဂိမ်းကစားရမယ့် ပုံစံကိုပြောင်း ထားပါတယ်” ဟု ဆိုသည်။ Rage Of Rama မြန်မာဂိမ်းတွင် ရာမမင်းသား၏ တပ်များနှင့် ရာဝဏ (ဒဿဂီရိ) ၏ တပ်များ အပြန်အလှန် တိုက်ခိုက်သည့် ပုံစံဖြင့် ဆော့ကစားရမည်ဟု ကိုမြင့်ကျော်သူက ဆိုသည်။

ဂိမ်းကစားရန် အင်တာနက်အသုံးပြုရမည်ဖြစ်ပြီး တစ်ဘက်နှင့် တစ်ဘက် ဗျူဟာ ကျကျယှဉ်ပြိုင် ဆော့ကစားရမည် ဖြစ်သည်။ တစ်ဦးတည်း ကစားလိုသူများအတွက်လည်း ဇာတ်လမ်း အသွင် ကစားနိုင်စေရန် ဆောင်ရွက်ထားမည်ဟု ကိုမြင့်ကျော်သူက ပြောသည်။ ပြည်တွင်း မြန်မာဂိမ်းများကို ရုပ်ပုံထွက်ပိုင်းတွင် အားနည်းချက်များရှိသည်ဟု ဝေဖန်မှုများရှိနေပြီး ယခု ထုတ်လုပ်မည့် Rage Of Rama ဂိမ်းကို ရုပ်ပုံထွက်ပိုင်း ကောင်းမွန်အောင် ဆောင်ရွက်ထားသည် ဟုလည်း ၎င်းက ဆိုသည်။

ကိုမြင့်ကျော်သူက “ရုပ်ပုံထွက်ပိုင်းကို ကျွန်တော်တို့တော့ အားရပါတယ်။ ထွက်လာတဲ့ အခါမှပဲ ကြည့်ဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။ အာရှနိုင်ငံများမှ ထွက်ရှိလာမည့် ဂိမ်းများအနက် စောင့်ကြည့်ရမည့် ဂိမ်းများ စာရင်းကို Game In Asia မဂ္ဂဇင်းက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ Rage Of Rama ကို ရေးဆွဲသည့် ကုမ္ပဏီက သမိန်ပေါသွပ် ကဲ့သို့ မြန်မာဂိမ်းများကိုလည်း ထုတ်လုပ်ပြီး ဖြစ်သည်။ Rage Of Rama ဂိမ်းကို ၂၀၁၄ ခုနှစ်က တိုကျိုတွင် ပြုလုပ်သည့် ဂိမ်းပြပွဲတွင်လည်း ဝင်ရောက်ပြသခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly