ပြည်တွင်း ဆိုင်ဘာလုံခြံုရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်

ပြည်တွင်း ဆိုင်ဘာလုံခြံုရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်

ရန်ကုန်၊ မေ ၃၀ ။       ။ ပြည်တွင်း ဆိုင်ဘာလုံခြုံရေးအတွက် ပြည်ပနိုင်ငံများရှိ ဆိုင်ဘာလုံခြုံရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြည်တွင်းတွင် ဆိုင်ဘာ လုံခြုံရေး အတွက် အကူအညီပေးနေသည့် အဖွဲ့အစည်း MMCERT မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရဲကျော်သိန်းက ပြောသည်။

၎င်းက “ဂျပန်နိုင်ငံက JPCERT ဆိုရင် မြန်မာနိုင်ငံအတွက် အပြည့်အဝ ကူညီနေတာတွေ ရှိပါတယ်။ တခြား စင်ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ပြည်တွင်းတွင် ဆိုင်ဘာလုံခြုံရေးအတွက် ဆောင်ရွက်မှုပိုင်း၌ အားနည်းချက်များ ရှိနေခြင်း ကြောင့် ဆိုင်ဘာလုံခြုံရေးအတွက် ဆောင်ရွက်ရန် သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာ လုံခြုံရေး ဦးစီးဌာနကို ၂၀၁၅ ဧပြီလ ၁၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မေလ ၂၉ ရက်တွင် ဦးစီးဌာန ဖွဲ့စည်းထားကြောင်း ကြေညာခဲ့သည်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာ လုံခြုံရေးဦးစီးဌာနသည် နိုင်ငံ၏ ဆိုက်ဘာ လုံခြုံရေးအတွက် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းတွင် အကောင် အထည်ဖော်နေသည့်  e-Government လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည်ဟု သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေး ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။

၎င်းက “အင်တာနက်အသုံးပြုမှုတွေ မြင့်တက်လာချိန်မှာ တိုင်းပြည်ရဲ့ ဆိုင်ဘာလုံခြုံရေး အတွက် ဆောင်ရွက်ဖို့ ဦးစီးဌာနကို ဖွဲ့စည်းခဲ့တာပါ။ စက်ပစ္စည်း၊ ဆော့ဖ်ဝဲ စတဲ့ လိုအပ်ချက်တွေ ကိုစိစစ်ဆောင်ရွက် သွားပါမယ်။ ပြည်ပအဖွဲ့အစည်းတွေနဲ့လည်း လိုအပ်ရင် အပြန်အလှန် သဘောတူညီမှုတွေ လုပ်ရမှာပါ” ဟု ဆိုသည်။

ပြည်တွင်း ဆိုင်ဘာ လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းပြည်အတွက် လုပ်ဆောင်မည်ဆိုပါက မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲလုပ်ကိုင်နိုင်သည်ဟု ဒုတိယညွှန်ကြားရေး မှူးချုပ်က ပြောသည်။

၎င်းက “နိုင်ငံအတွက် ကောင်းဖို့ လုပ်မယ်ဆိုရင် ဘယ်လိုအဖွဲ့အစည်း၊ ဘယ်သူနဲ့ဖြစ်ဖြစ် ပူးပေါင်းလုပ်ကိုင်ဖို့ အဆင်သင့်ပါ” ဟု ပြောသည်။ ပြည်တွင်းတွင် နိုင်ငံအဆင့် ဆိုင်ဘာလုံခြုံရေး အတွက် ဆောင်ရွက်ထားမှုပိုင်း၌ အားနည်းချက်များ ရှိနေပြီး ယင်း လိုအပ်ချက်များကို အသစ်ဖွဲ့စည်းသည့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဦးစီးဌာနက အလေး ထားဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည်ဟု ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags