နိုင်ငံ မတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ လမ်းမလွှဲရန် ဒေါ်စု တိုက်တွန်း

နိုင်ငံ မတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ လမ်းမလွှဲရန် ဒေါ်စု တိုက်တွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဥ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှီ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

နိုင်ငံ မတည်ငြိမ်မှုကို အကြောင်းပြပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လမ်းမလွှဲရန် ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့တော်ဝင် နှင်းဆီ တွင် ပြုလုပ်သည့် ပထမအကြိမ် ဗဟိုကော်မတီ ငါးကြိမ် မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းဖြင့် အတိုက်အခံ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“ရွေးကောက်ပွဲက သတ်မှတ်ထားချိန်က နီးလာပြီ ဒီအချိန် မရောက်ခင်ကာလမှာ နိုင်ငံက တည်ငြိမ်ဖို့ အင်မတန် အရေးကြီး ပါတယ်။ နိုင်ငံမတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ လမ်းလွှဲသွားမှာကို မဖြစ်ပါစေဖို့ အဖွဲ့ချုပ်ဝင်တွေ အားလုံးကို မှာချင်ပါတယ်။ ပြည်သူတွေကိုလည်း ဒီကနေ သတိပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလဆန်းတွင် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပပေးပြီး ယင်းနောက်ပိုင်း ကာလတွင်လည်း ပြည်သူ့ဆန္ဒများ ၊ မျှော်လင့်ချက်များကို အကောင်အထည်ဖော်ပေးနိုင်သည့် ကာလတစ်ခုကိုလည်း ဖြစ်ထွန်း စေချင်ပြီး ယင်းအတွက်ကိုလည်း NLD က ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင်လည်း ဒီမိုကရေစီ စနစ်အရ မိမိတို့ ဆန္ဒအလျောက် ရွေးချယ်လိုသည့် ပါတီကို ရွေးချယ်နိုင်ပြီး ပြည်သူများ အတွက် ကြိုးစားရန်က ပါတီဝင်တစ်ဦးတိုင်းအတွက် တာဝန်ပါ ဖြစ်သည်ဟုလည်း ဗဟိုကော်မတီ အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို အဖွဲ့အောင်နိုင်ရေးကို ဦးတည်ခြင်း မဟုတ်ဘဲ ပြည်သူ/ သားများ၊ ဒီမိုကရေစီအရေး အောင်နိုင်ရေးအတွက်  ဦးတည်ခြင်း ဖြစ်ပြီး အောင်နိုင်ရေးကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စတင် ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည်ဟု ကော်မရှင်က ကြေညာထားသည်။ ကော်မရှင် ဆိုထားသည့် အချိန်အရ ရွေးကောက်ပွဲ ကျင်းပရန်  ၅ လသာ လိုတော့သော်လည်း တိကျသည့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကိုမူ ကြေညာခြင်း မရှိသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကမူ ရွေးကောက်ပွဲရက်ကို ရက်ပေါင်း ၁၂၀ (၄လ) ကြိုတင် ထုတ်ပြန်ပေး မည်ဟု မေလ ၂၆ ရက် ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သတင်းအချက်အလက်ဌာန (ရန်ကုန်) ဖွင့်ပွဲတွင် မဇ္ဈိမကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly