အမေရိကန်သို့ ဖျော်ဖြေပွဲ သွားရောက်မည့် ထွန်းအိန္ဒြာဗိုနှင့် အဖွဲ့ ဗီဇာ ပယ်ဖျက်ခံရခြင်း မဟုတ်၊ ပြန်လျှောက်ထားနေ

အမေရိကန်သို့ ဖျော်ဖြေပွဲ သွားရောက်မည့် ထွန်းအိန္ဒြာဗိုနှင့် အဖွဲ့ ဗီဇာ ပယ်ဖျက်ခံရခြင်း မဟုတ်၊ ပြန်လျှောက်ထားနေ

ရန်ကုန်၊ ဇွန် ၁၀ ။        ။ အမေရိကန်နိုင်ငံ မြို့ ရှစ်မြို့တွင် ဖျော်ဖြေရန် စီစဉ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ပညာရေး ကွန်ရက်နှင့် ကျန်းမာရေးကွန်ရက် ရန်ပုံငွေ ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ဗီဇာ လျှောက်ထားရာတွင် အွန်လိုင်း လူမှုကွန် ရက် စာမျက်နှာအချို့တွင် ဖော်ပြနေသကဲ့သို့ ပယ်ဖျက်ခံရခြင်း မဟုတ်ဘဲ စာရွက်စာတမ်း လိုအပ်ချက် ရှိသည့်အတွက် ပြန် လည် လျှောက်ထား ရခြင်းဖြစ်သည်ဟုအဆိုတော်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

၎င်း အပါအဝင် အဆိုတော် ငါးဦးသည် အမေရိကန်နိုင်ငံသို့ သွားရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး ဗီဇာ လျှောက်ထားရာတွင် NLD ပါတီဝင်ဟု ဖော်ပြထားသည့် အတွက် ဗီဇာ မရရှိဟု လူမှု ကွန်ရက် စာမျက်နှာ အချို့တွင် ဇွန် ၁၀ ရက်က ပျံ့နှံ့ခဲ့ရာ ၎င်းတို့က ထိုသို့ လျှောက်ထားခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။

ထွန်းအိန္ဒြာဗိုက “မသွားဖြစ်တာ မဟုတ်ပါဘူး။ ဗီဇာ ပြန်လုပ် နေပါတယ်။ Reject (ပယ်ဖျက် ခံရခြင်း) မဟုတ်ပါဘူး။ စာရွက် စာတမ်းလေး လိုလို့ရက်ရွှေ့လိုက်တာပါ” ဟု ဆိုသည်။ ဒီမှာ ပါတဲ့လူ ၅ ယောက်စလုံးက အမေရိကားကို ဥဒဟို သွားနေကြတဲ့ သူတွေလေ။

ဗီဇာရဖို့ အတွက် NLD နာမည် သုံးဖို့လည်း မလိုအပ်သလို ကျွန်မတို့က အမေစုကို ကူညီနေတယ် ဆိုတာကလည်း လေးစား လို့ ကူညီတာ တစ်ခုပဲ။ ကိုယ့်ရဲ့ တိုင်းပြည်အတွက် တကယ်ကို စွန့်စားတဲ့ အမျိုးသမီး လူသား တစ်ယောက် အနေနဲ့ လေးစား မြတ်နိုးလို့ ကိုယ်တတ်တဲ့ အနုပညာနဲ့ ကူတာကလွဲရင် ကျွန်မတို့က ဘယ်ပါတီဝင်မှ မဟုတ်ဘူးဆိုတာ တစ်ချိန်လုံး မီဒီယာတွေမှာ ကြေညာ ပြီးသားပါ” ဟုလည်း ၎င်းက ဆက်လက် ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲကို ယခင်က ဇွန် ၁ရက် တွင် အမေရိကန် နိုင်ငံသို့ သွားရောက်ပြီး ဇူလိုင် ၃ ရက် တွင် ပြန်လာရန် စီစဉ်ထား ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ဗီဇာ ပြန်လျှောက် နေသည့် အတွက် အောက်တို ဘာလသို့ ရွှေ့လိုက် သည်ဟုလည်း ထွန်းအိန္ဒြာဗိုက ဆိုသည်။

၎င်းတို့ သွားရောက်ရာတွင် လူမှုရေး ရန်ပုံငွေအတွက် သွားရောက်ခြင်း ဖြစ်သောကြောင့် အဆိုပါ ခေါင်းစဉ်အောက်တွင် ဝင်သည့် ပုံစံဖြင့် လျှောက်ထားရမည် ဖြစ်ပြီး ထည့်သွင်းရန် အချက်အလက် အချို့လိုနေသောကြောင့် ပြန်လည် လျှောက်ထားရန်  အကြောင်းကြားသည့် အတွက်ပြန်လျှောက်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အခုလည်း ဟိုဘက် က ရှေ့နေက ပြန်လျှောက် ပေးနေပါပြီ။ သုံးလကြာမြင့်မှာ ဖြစ်တဲ့ အတွက် အောက်တိုဘာမှာ ပွဲလုပ်ဖို့ စီစဉ် လိုက်တာပါ။ အောက်တိုဘာ မမီပဲ တစ်စုံတစ်ရာ ကြန့်ကြာ သွားရင် နောက်နှစ်မှာ လုပ်မယ်။ ဒီကိစ္စ လုပ်ကို လုပ်ပါမယ်” ဟုလည်း အဆိုတော် ထွန်းအိန္ဒြာဗိုက ပြောသည်။

ထိုဖျော်ဖြေပွဲကို အမေရိကန် နိုင်ငံရှိ မြို့ ရှစ်မြို့တွင် ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုတော် Rဇာနည်၊ ဥက္ကာဦးသာ၊ ထွန်းအိန္ဒြာဗို၊ လင်းလင်း၊ ချစ်သုဝေ တို့ပါဝင်ကြမည် ဖြစ်သည်။

၎င်းတို့သည် NLD ပညာရေး ကွန်ရက် နှင့် ကျန်းမာရေး ကွန်ရက်အတွက် သြစတြေးလျနိုင်ငံသို့ သွား ရောက် ဖျော်ဖြေခဲ့ပြီး ဖြစ် သလို ပွဲမှရရှိသည့် ကျပ်သိန်း ၆၀၀ ကျော်ကိုလည်း လှူဒါန်းခဲ့ပြီး ဖြစ်သည်။

ယခု အမေရိကား ဖျော်ဖြေပွဲမှ ရရှိသည့် အကျိုးအမြတ် အားလုံးကိုလည်း NLD ပညာရေး ကွန်ရက်နှင့် ကျန်းမာရေး ကွန်ရက် ကို လှူဒါန်းသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly