Miss Myanmar International 2015 ပြိုင်ပွဲကို သြဂုတ် ၃၀ တွင် ကျင်းပမည်

Miss Myanmar International 2015 ပြိုင်ပွဲကို သြဂုတ် ၃၀ တွင် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၈ ။        ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ စတုတ္ထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသွားမည် ဖြစ်သည်။

ထိုပြိုင်ပွဲကို ကမ္ဘာ့အဆင့် ပြိုင်ပွဲများသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လိုသော အလှမယ်များ ရွေးချယ်ပေးစေလိုခြင်း ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံအတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ်ပေးလိုခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။

ယင်း ပြိုင်ပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ကြီးမှူး ကျင်းပ၍ Myanmar Tourism Marketing က ပွဲစီစဉ်သူအဖြစ် တာဝန်ယူမည်ဖြစ်ကာ ဆုရရှိသူသည် ဂျပန်နိုင်ငံတွင် ကျင်းပမည့် Miss International Beauty Pageant 2015 ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပြိုင်ပွဲအတွက် လျှောက်လွှာများကို ဇွန်လ ၁၇ ရက်တွင် စတင် လက်ခံသွားမည်ဖြစ်ပြီး ဖောင် ပိတ်ရက်ကို ဇူလိုင် ၁၄ ရက် နောက်ဆုံးထား ပေးပို့ရန် သတ်မှတ်ထားသည်။ ပြိုင်ပွဲအတွက် လာရောက်လျှောက်ထားသူများထဲမှ ဆန်ခါတင် အယောက် ၂၀ ကို ရွေးချယ်သွားမည် ဖြစ်သည်။
ပြိုင်ပွဲတွင် အလှမယ် ခင်ဝေဖြိုးဟန်က Miss Myanmar International 2014 အဖြစ် ရွေးချယ် ခံခဲ့ရသော်လည်း ခင်ဝေဖြိုးဟန် သည် အသက် ၁၈ နှစ်ပြည့်ရန် နှစ်ပတ်ကျော် လိုနေသေးသည့် အတွက်  ၎င်းအစား Miss Myanmar International 2014 တွင် 1st Runner Up ရရှိခဲ့သည့် မေဘရဏီသော်က သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က Miss International Beauty Pageant ပြိုင်ပွဲအတွက် ၂၀၁၂ ခုနှစ်တွင် နန်းခင်ဇေယျာ ကို ပထမဆုံး စေလွှတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေးကျော်ကို စေလွှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ 1st runner up မေဘရဏီသော်ကို စေလွှတ်ခြင်းဖြစ်သည်။  

Miss International Beauty Pageant 2014 ကို နိုဝင်ဘာလ (၁၁)ရက်၌ ဂျပန်နိုင်ငံ တိုကျိုမြို့တွင်  ကျင်းပပြုလုပ်ခဲ့သည်။ Miss International Beauty Pageant 2015 ပြိုင်ပွဲကိုမူ ယခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံရှိ Shinagawa Prince Hotel ၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags