လွှမ်းပိုင်နှင့် ထိုင်း မင်းသမီး ကရဗီတို့ ဗီဒီယိုရိုက်မည်

လွှမ်းပိုင်နှင့် ထိုင်း မင်းသမီး ကရဗီတို့ ဗီဒီယိုရိုက်မည်
ထိုင်းမင်းသမီး ကရဗီ (Korravee)

ရန်ကုန် (မဇ္ဈိမ)။ ။ Bo Bo Film Production က အဆိုတော် လွှမ်းပိုင်နှင့် မြန်မာနိုင်ငံတွင် ပြသခဲ့သည့် ‘ဘယ်လို အချစ်မျိုးလဲ’ ထိုင်း-မြန်မာ ရုပ်ရှင် ဇာတ်ကားထဲမှ ထိုင်းမင်းသမီး ကရဗီ (Korravee) တို့နှင့် မေလတွင် ဗီဒီယို ဇာတ်ကား ရိုက်ကူးရန် စီစဉ် ထားကြောင်း Bo Bo Film Production မှ  ကိုဘိုဆန်းက မဇ္ဈိမကို ပြောသည်။

ထိုဇာတ်ကားကို 67 Plaza ဟု အမည်ပေးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် သည်ခေတ်နေက ရိုက်ကူးပုံဖော်မည် ဖြစ်သည်။ သရုပ်ဆောင်များအဖြစ် အဆိုတော် လွှမ်းပိုင်၊ ထိုင်း မင်းသမီး ကရဗီတို့ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

ကိုဘိုဆန်းက "ထိုင်းမင်းသမီး ကရဗီနဲ့တော့ အကြမ်းဖျဉ်း ညှိနှိုင်းပြီးပြီ။ ကျွန်တော်တို့ ဇာတ်ညွှန်းရပြီဆိုတာနဲ့ ဖိုင်နယ်ထပ်ညှိနှိုင်းမှာပါ။ ဒီဇာတ်ကားကို အခု ငါးလပိုင်းထဲမှာပဲ စရိုက်မယ်" ဟု ပြောသည်။

67 Plaza ဇာတ်ကားသည် သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပြီး လူတစ်ယောက်သည် ကိစ္စတစ်ခုဖြင့် ပလာဇာမှ ပြန်မထွက်နိုင်သည့် အချိန်တွင် ချောက်ချားစရာ တစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံကို ရိုက်ကူးမည် ဖြစ်သည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့တွင် အဓိက ရိုက်ကူးသွားမည်ဖြစ်ပြီး မန္တလေးမြို့တွင်လည်း သွားရောက် ရိုက်ကူးရန် စီစဉ်ထားသည်။

ဒါရိုက်တာ သည်ခေတ်နေက "ဇာတ်က မင်းသားအတွက်တည်ပြီး ရေးထားတာဆိုတော့ ထိုင်း မင်းသမီးပါမယ်ဆိုရင် အင်္ဂလိပ် စကားပြောတွေ ထပ်ထည့်ရမှာပါ။ ကိုဘိုဆန်းနဲ့ သေချာညှိနှိုင်းပြီးမှ အင်္ဂလိပ် စာတန်းထိုးမလား မင်းသမီးအတွက် ဇာတ်ဝင်ခန်း ထပ်ဖြည့်ဖို့တွေ ဒါတွေ ထပ်တိုင်ပင်ရမယ်" ဟု ပြောသည်။

ထိုင်းမင်းသမီး ကရဗီ (Korravee)သည် ထိုဇာတ်ကား ရိုက်ကူးရန် မြန်မာနိုင်ငံသို့ မေလ ၁၅ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး မေလ ၁၈ ရက်တွင် စတင်ရိုက်ကူးရန် စီစဉ်ထားသည်။ အဆိုတော် လွှမ်းပိုင်က လတ်တလောတွင် Let's Go ပရိုဂရမ်အတွက် မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး မေလ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

Bo Bo Film Production က ပထမဆုံး ဗီဒီယို ဇာတ်ကားအဖြစ် ဒါရိုက်တာ အောင်ဇော်လင်း အဆိုတော် ရဲရင့်အောင် ၊ အိချောပိုတို့ ပါဝင်သည့် ကြူစီဂိမ်း အမည်ရှိ ဇာတ်ကားကို စတင် ရိုက်ကူးခဲ့သည်။ ဒါရိုက်တာ ညီညီထွန်းလွင်၊ တွဲဖက်ဒါရိုက်တာ သြရသတို့နှင့်လည်း အော်တိုဘုရင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးထားသည်။ အဆိုတော် လွှမ်းပိုင်၊ ခင်ဝင့်ဝါတို့နှင့် ''ဂျာကင် အဟောင်းလေး'' ဇာတ်ကားကို ရိုက်ကူးထားသကဲ့သို့ ယခုအခါတွင် အဆိုတော် ရဲရင့်အောင်၊ နန်းဆုဦးတို့နှင့် Waiting For You ဗီဒီယို ဇာတ်ကားကို ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly