ဘန်ကောက်နှင့် မဟာချိုင်ရှိ မြန်မာလူမျိုးများအတွက် တေးဂီတနှင့် နှစ်ပါးသွား အငြိမ့်ဖျော်ဖြေပွဲ ပြုလုပ်မည်

ဘန်ကောက်နှင့် မဟာချိုင်ရှိ မြန်မာလူမျိုးများအတွက် တေးဂီတနှင့် နှစ်ပါးသွား အငြိမ့်ဖျော်ဖြေပွဲ ပြုလုပ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ Myanmar Media 7 နှင့် ထိုင်းနိုင်ငံမှ Katana JK တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မဟာချိုင်မြို့ရှိ မြန်မာလူမျိုးများအတွက် တေးဂီတဖျော်ဖြေပွဲနှင့် နှစ်ပါးသွား အငြိမ့်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမည်ဟု Myanmar Media 7 မှ ကိုဝေမင်းမောင်က မဇ္ဈိမကို ပြောသည်။

ထို ဖျော်ဖြေပွဲ နှင့် နှစ်ပါးသွား အငြိမ့် ဖျော်ဖြေပွဲကို ထိုင်း-မြန်မာ ချစ်ကြည်ရေး အနေဖြင့် ပူးပေါင်း ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး Myanmar Media 7 အနေဖြင့် ပထမဆုံး ထိုင်းနိုင်ငံ ဖျော်ဖြေပွဲ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

"အဲဒီပွဲအတွက် အဆိုတော်တွေ အငြိမ့် မင်းသမီးတွေကတော့ ရွေးနေတုန်းပဲ။ ထိုင်းနိုင်ငံမှာက မြန်မာလူမျိုးတွေ တော်တော်များများရှိတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေအတွက် တစ်ညနေခင်းလေးမှာ စိတ်သက်သာ ပျော်ရွှင်ခွင့်ရဖို့အတွက် လုပ်ဖြစ်တာပါ" ဟု Myanmar Media 7 မှ ကိုဝေမင်းမောင်က ပြောသည်။  

Myanmar Media 7 မှ နှစ်ပါးသွား အငြိမ့်ဖျော်ဖြေမှုတွင် မင်းသား တင်မောင်ဆန်းမင်းဝင်း၊ လူရွှင်တော်များအဖြစ် သိန်းလင်းစိုး၊ ဂျိုကာ၊  ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ မင်းသမီး အနေဖြင့် ဂျင်းနီ၊ ဖူးစုံ တို့ဖြင့် ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် နှစ်ပါးသွား ဖျော်ဖြေပွဲတွင်လည်း ၎င်းတို့ ပါဝင်ကြမည် ဖြစ်သည်။

အဆိုပါ  တေးဂီတဖျော်ဖြေပွဲနှင့် နှစ်ပါးသွား အငြိမ့်ဖျော်ဖြေပွဲကို ဇူလိုင်လ (သို့မဟုတ်) နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားပြီး အခမဲ့ (သို့) ငွေကြေးဖြင့် ဖျော်ဖြေမည်ကိုလည်း မဆုံးဖြတ်ရသေးပေ။

Myanmar Media 7 နှင့် ထိုင်းနိုင်ငံမှ Katana JK တို့သည် ‘ဘယ်လိုအချစ်မျိုးလဲ ‘ အမည်ရှိ ထိုင်းရုပ်ရှင် ဇာတ်ကားကိုလည်း မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့တွင် ပထမဆုံး အနေဖြင့်ပူးတွဲ ရိုက်ကူးပြသပြီးသား ဖြစ်သည်။ ဒုတိယ အကြိမ်အဖြစ် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးကို ပူးတွဲ ရိုက်ကူးထားပြီး ထိုင်းနိုင်ငံတွင် 3D Animation များ၊ တည်းဖြတ်ခြင်းများ အချောသတ် ဆောင်ရွက်လျက်ရှိသည်။

Myanmar Media 7 နှင့် ထိုင်းနိုင်ငံမှ Katana JK တို့ ပူးပေါင်းရိုက်ကူးသည့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု ခူးခူး၊ ဇာတ်ညွှန်း အင်ကြင်းဟန်နှင့် မြင့်ဦးဦးမြင့် ဖြစ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင်များအဖြစ် သူထူးစံ၊ မြင့်မြတ်၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ မေမြင့်မိုရ် တို့မှ ပါဝင် သရုပ်ဆောင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly