ဟာသ သရုပ်ဆောင် (ဦး) ကင်းကောင် ဦးနှောက်အတွင်း သွေးခဲနေမှုကြောင့် ဆေးကုမှုခံယူနေ

ဟာသ သရုပ်ဆောင် (ဦး) ကင်းကောင် ဦးနှောက်အတွင်း သွေးခဲနေမှုကြောင့် ဆေးကုမှုခံယူနေ
မန္တလေးမြို့နန်းတော် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဟာသ သရုပ်ဆောင် ကင်းကောင်။ (ဓာတ်ပုံ- Mg Mg King facebook)

ရန်ကုန် (မဇ္ဈိမ)။ ။ ဟာသ သရုပ်ဆောင် (ဦး) ကင်းကောင်သည် မတော်တဆ ချော်လဲရာမှ ဦးနှောက်အတွင်း သွေးကြော တစ်ခု သွေးခဲနေသောကြောင့် မေလ ၆ ရက် ညပိုင်းတွင် မန္တလေးမြို့ရှိ နန်းတော် ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ၎င်း၏ အမျိုးသမီး မအေးအေးမွန်က မဇ္ဈိမကို ပြောသည်။

မအေးအးမွန်က "မေမြို့ ဆေးရုံမှာ သွားပြတဲ့ အခါ ချော်လဲတဲ့ ဒဏ်ရာကြောင့် ဦးနှောက်သွေးကြော သေးသေးလေး တစ်ခုက သွေးခဲ နေတော့ ဆရာဝန်ကလဲ ဦးနှောက် ဖြစ်တဲ့အတွက် အခြေအနေက ဘယ်လိုမှန်း ပြောလို့ မရဘူး ဒီအတိုင်းလေး သူ့ဘာသာသူ ပြေရင်လဲပြေသွားမယ် တခုခုဆိုရင် မေမြို့ထက် မန္တလေးဖြစ်ဖြစ် ရန်ကုန်ဖြစ်ဖြစ်ဆေးရုံ တင်ဖို့ပြောတာနဲ့ မန္တလေးမြို့က နန်းတော်ဆေးရုံကို မနေ့ညက တင်ခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။

‘နန်းတော် ဆေးရုံက ဆရာဝန်က ဓာတ်မှန် ထပ်စစ်ကြည့်တဲ့အခါ သွေးတော့ နည်းနည်းခဲနေတယ်။ ဦးကင်းကို မေးတဲ့ အခါ သတိလဲရတယ် စကားလဲပြောနိုင်တယ် အကုန်လုံးလဲ မှတ်မိတယ်ဆိုတော့ အဲဒီအနေအထားက ခွဲစိတ်မှုလုပ်စရာ မလိုသေးတဲ့အတွက် လေးရက်လောက်ကို ဆေးတွေနဲ့ သွေးခဲနေတာကို ဖျော်မယ် ပြီးရင် CT Scan ထပ်ရိုက်မယ်။ အခုက စောင့်ကြည့်နေတဲ့ အနေအထားပဲ ရှိပါသေးတယ်" ဟု  ၎င်းက ဆက်လက်ပြောသည်။  

သရုပ်ဆောင် ကင်းကောင်သည် မေမြို့၌ ဗီဒီယို ဇာတ်ကား ရိုက်ကူးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ချော်လဲ၍ သွေးခဲမှု မဖြစ်ပွားခင် ဆိုင်ကယ် မတော်တဆမှုကြောင့် ဘယ်ဘက်လက်နှင့် ခြေထောက်တွင်လည်း ဒဏ်ရာ ရရှိခဲ့သေးသည်။  

သရုပ်ဆောင် ကင်းကောင်၏ လက်ရှိ အခြေအနေမှာ သတိပုံမှန် ရှိပြီး ခေါင်းမူးခြင်း ၊ အော့ခြင်း၊ အန်ခြင်း မရှိဘဲ စကားလည်း ပြောနိုင်သောကြောင့် မန္တလေး နန်းတော် ဆေးရုံ၌ သွေးခဲပျော်အောင် ကုသပေးပြီး စောင့်ကြည့်နေသည့် အနေ အထားဖြစ်သည်။

သရုပ်ဆောင် ကင်းကောင်နှင့် တွဲဘက်သရုပ်ဆောင်မှု အများဆုံဖြစ်သည့် လူရွှင်တော် (ဦး) အရိုင်းကလည်း "ခွဲစိတ်ရတာမျိုး မရှိဘူး ကြီးကြီးမားမားလဲ သိပ်မဖြစ်တဲ့အတွက် တော်သေးတယ်။ သူကအကုန် သတိရတယ်။ သူအရေးပေါ် ကားနဲ့ မန္တလေးဆေးရုံ သွားနေတဲ့ အချိန် ကျွန်တော် သူ့ဘေးမှာ ပါလာတဲ့ တစ်ယောက်ကို ဖုန်းဆက်တော့ သူပြန်ဖြေပေးနေတာတွေ ကြားရတယ်။ အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ပြောသည်။

သရုပ်ဆောင် ကင်းကောင် ဆေးရုံတင်ထားရသည့်အတွက် အနုပညာရှင်မောင်နှမများကလည်း ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာများတွင် ‘ဦးကင်း အမြန်ဆုံး သက်သာပါစေ’ ဆိုသည့် စာများဖြင့် ရေးသားပြီး ဆုတောင်းပေးထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags