“ကျပ်ငွေ တန််ဖိုးကျတဲ့ ပြဿနာ ဆေးမြီးတိုနဲ့ ကုလို့မရ”

“ကျပ်ငွေ တန််ဖိုးကျတဲ့ ပြဿနာ ဆေးမြီးတိုနဲ့ ကုလို့မရ”

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ပြည်တွင်းကို သွင်းကုန် အများဆုံး တင်သွင်းနေတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ စီးပွား - ကူးသန်း ဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ တွေ့ဆုံခဲ့တဲ့ အဲဒီ စည်းဝေးပွဲမှာ မြန်မာကျပ်ငွေ တန်ဖိုး တည်ငြိမ်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ရည်ရွယ်ပြီး ဗဟိုဘဏ်ဟာ စားအုန်းဆီနဲ့ စက်သုံးဆီ တင်သွင်းသူတွေကို ဗဟိုဘဏ်က သတ်မှတ်တဲ့ နှုန်းထားအတိုင်း ဒေါ်လာငွေကို လိုသလောက် ရောင်းချပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ အဲဒီ လုပ်ကိုင် ဆောင်ရွက်မှုဟာ ကျပ်ငွေ တန်ဖိုး ကျဆင်းနေတဲ့ ပြဿနာကို ကုစားနိုင်မှာလား၊ ဘာပြဿနာတွေ ပေါ်လာနိုင်သေးသလဲ၊ ဘယ်လို အရေးယူဆောင်ရွက်ရင် ပိုသင့်တော်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ငွေကြေးပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ပြဿနာ သုံးရပ် ရင်ဆိုင်နေရ ပါတယ်။ အဲဒါတွေကတော့ ကျပ်ငွေ တန်ဖိုး ကျဆင်းနေတာ၊ ငွေကြေးလဲလှယ်တဲ့ မှောင်ခို ဈေးကွက် အဆမတန် ကျယ်ပြန့်ကြီးမားနေတာနဲ့ ပြည်သူတွေရဲ့ မြန်မာ ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းနေတာတို့ ဖြစ်ပါတယ်။ ဗဟိုဘဏ်ဟာ အဲဒီ ပြဿနာ အားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေး ရမှာပါ။ လက်ရှိ ဗဟိုဘဏ်ဟာ ဈေးကွက်ထဲ လှည့်လည်နေတဲ့ မြန်မာကျပ်ငွေတွေ လျော့နည်းသွားအောင် ပြန်လည်သိမ်းဆည်းတဲ့ နည်းကိုလည်း သုံးပါတယ်။ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဈေးကွက်ထဲက ကျပ်ငွေတွေကို Deposit Action နည်းနဲ့ ပုံမှန် ထုတ်ယူနေရာမှာ ဇွန်လ ၃ ရက်နေ့က အစိုးရ ငွေတိုက်စာချုပ် လေလံနဲ့ ကျပ်ငွေ ဘီလီယံ ၄၀၊ ဇွန်လ ၁၁ ရက်နေ့က ဘီလီယံ ၂၂၀ ကို ထုတ်ယူထားတယ်လို့ ဆိုပါတယ်။ ဒါက ကျပ်ငွေ ဖောင်းပွမှု မရှိအောင် ထိန်းသိမ်းနေပါတယ်ဆိုပြီး ဗဟိုဘဏ်ဘက်က ပြောတာပါ။

အခု နောက်ဆုံး လုပ်ကိုင်ဖို့ ရည်ရွယ်တာကတော့ ဈေးကွက်ထဲကို ဒေါ်လာငွေ ရောင်းချပေးတဲ့နည်းပါ။ ဒီနည်းကို အသုံးပြုဖို့အတွက် ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့် ခပ်များများ စားစား ရှိမနေဘူးလို့ တာဝန်ရှိသူတွေက ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခု နောက်ဆုံး အကောင်အထည် ဖော်တာကတော့ သွင်းကုန်အတွက် ဒေါ်လာငွေ လိုအပ်နေသူတွေကို ဗဟိုဘဏ် သတ်မှတ်ဈေးအတိုင်း လိုသလောက် ရောင်းပေးမယ် လို့ ဆိုပါတယ်။ ဒီလို ရောင်းပေးရာမှာလည်း ကုန်ဈေးနှုန်း တက်တာကို ဖြစ်ပွားစေမယ့် စားအုန်းဆီနဲ့ စက်သုံးဆီ တင်သွင်းသူတွေကို အရင်ဦးဆုံး ရောင်းချပေးမယ်လို့ ဆုံးဖြတ်ပါတယ်။ ရောင်းချမယ့် ပုံစံမှာလည်း အလွယ်တကူ အမြတ်ထုတ်တာမျိုး မဖြစ်ရလေအောင် စားသုံးဆီနဲ့ စက်သုံးဆီ ဝယ်ဖို့ အမှန်တကယ် လွှဲလိုက်တဲ့ ငွေပမာဏကိုပဲ ဗဟိုဘဏ်က ပြန်ရောင်းချပေးမှာ ဖြစ်ပါတယ်။

ပြောရရင် အခုတစ်ကြိမ် ထီပေါက်သူတွေကတော့ စားသုံးဆီ နဲ့ စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင်တွေလို့ ဆိုရင် မမှားပါဘူး။ လက်ရှိ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ကျပ် ၁၀၀ အထိ ကွာနေဆဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဗဟိုဘဏ်ဟာ တရားဝင် ငွေလဲလှယ်တဲ့ လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကို သူသတ်မှတ်တဲ့ ဈေးနဲ့ ခွဲတမ်းချပြီး ရောင်းပေးနေခဲ့တာဖြစ်ပါတယ်။ အဲဒီ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ဗဟိုဘဏ်က သတ်မှတ်နှုန်းအတိုင်း ပြည်သူတွေကို တိတိကျကျ ပြန်ရောင်းချပေးတာ မရှိလေတော့ ဗဟိုဘဏ်က ဒေါ်လာတွေ ဝယ်ခွင့်ရရင် ရသလောက် အသားတင် အမြတ်ရနေကြတာ ဖြစ်ပါတယ်။

အခုလည်း စားသုံးဆီ နဲ့ စက်သုံးဆီ ရောင်းချသူတွေကို သူတို့ လိုသလောက် ဒေါ်လာတွေ ရောင်းပေးရင် အဲဒီ  လုပ်ငန်းရှင်တွေက ပြည်တွင်းမှာ အများပြည်သူတွေကို ပြန်ရောင်းချပေးမယ့် ဈေးနှုန်းသတ်မှတ်ရေး ကိစ္စကိုပါ လိုက်ပါကြီးကြပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အရင် စစ်အစိုးရ အဆက်ဆက်က လုပ်ခဲ့တဲ့ မအောင်မြင်တဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး စီမံချက်တုန်းက လုပ်ကိုင်ဆောင်ရွက်ပုံနဲ့ တူနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ သွင်းကုန် အမယ်ပေါင်း မြောက်မြားစွာ ရှိတဲ့အနက် အဲဒီ ကုန်ပစ္စည်းနှစ်မျိုး တင်သွင်းသူတွေကိုပဲ သတ်မှတ်ဈေးနှုန်းနဲ့ ဒေါ်လာတွေ ရောင်းချပေးမယ် ဆိုတာဟာ သိပ်ပြီးတော့ သဘာဝ မကျပါဘူး။ ဈေးကွက် စီးပွားရေး သဘောတရားနဲ့လည်း ကိုက်ညီမှာ မဟုတ်ပါဘူး။ လက်တွေ့ ဈေးကွက်ထဲမှာ ကျပ်ငွေတန်ဖိုးကလည်း မြင့်တက်သွားမှာ မဟုတ်ပါဘူး။

လက်ရှိ မြန်မာ့ကျပ်ငွေ တန်ဖိုး တည်ငြိမ်ရေးနဲ့ ဗဟိုဘဏ်က သင့်တော်တယ်လို့ ယူဆတဲ့ နှုန်းထား တစ်ခု ဖြစ်လာရေးအတွက် အရင်ဆုံး လုပ်ကိုင်ဆောင်ရွက်ဖို့ဟာ မှောင်ခိုဈေးကွက် ကျယ်ပြန့်ကြီးမားနေတာ ပျောက်သွားအောင် လုပ်ဖို့ပါ။ ဒီအတွက် အစိုးရက အသိအမှတ်ပြုထားပြီးဖြစ်တဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အဓိပ္ပာယ်ရှိရှိ အသက်ဝင်လှုပ်ရှားရေး အရင် လုပ်ပေးရပါလိမ့်မယ်။ အဲလို ဖြစ်လာအောင် ဗဟိုဘဏ်ဟာ ကိုယ်က လေလံစနစ်နဲ့ ရောင်းပေးနိုင်တဲ့ ပမာဏနဲ့ လိုက်လျောညီထွေ တကယ်ဖြစ်မယ့် ကျပ်ငွေ ဈေးနှုန်း သတ်မှတ်ဖို့ပါ။ အဓိပ္ပာယ်ကတော့ တစ်ဒေါ်လာ ကျပ် ၁၁၀၀ သတ်မှတ် သည် ဖြစ်စေ၊ ၁၁၅၀ သတ်မှတ်သည်ဖြစ်စေ၊ ၁၂၀၀ သတ်မှတ်သည် ဖြစ်စေ အဲဒီ သတ်မှတ်နှုန်းထားအတိုင်း ပုဂ္ဂလိက ဘဏ်တွေက ဝယ်ယူလိုတဲ့ ပမာဏအလိုက် ဒေါ်လာနဲ့ ကျပ်ငွေကို ရောင်းချပေးဖို့ပါ။

ကိုယ့်မှာ ရောင်းချပေးဖို့ ဒေါ်လာနည်းနေရင် လေလံဈေးမှာ ဒေါ်လာ တန်ဖိုး မြှင့်တင်ထားပြီး ရောင်းစရာ ဒေါ်လာ များနေရင် ဒေါ်လာဈေး နှိမ့်ထားလို့ ရပါတယ်။ အဲလို ဆောင်ရွက်နိုင်ရင် ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲ ကောင်တာတွေဟာ တကယ့် ဈေးကွက်အတိုင်း သက်ဝင်လှုပ်ရှားလာမှာမို့  မှောင်ခိုဈေးကွက်ကို ပြတ်ပြတ်သားသား အရေးယူလို့ရပါပြီ။ ဈေး ကစားသူတွေကို ကိုင်တွယ်လို့ ရပါပြီ။ နောက်ပိုင်း ဗဟိုဘဏ်က သတ်မှတ် စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ ကိစ္စတွေကို ဝင်ရောက် အရေးယူ ဆောင်ရွက်လို့ရပါပြီ။

ဒုတိယ အဆင့်ကျမှသာ အဲဒီ ကျပ်ငွေတန်ဖိုးကို မြှင့်တင်နိုင်မယ့်ကိစ္စ အကောင်အထည် ဖော်ရပါလိမ့်မယ်။

နည်းနာတွေကတော့ အစိုးရ ဘတ်ဂျက် လိုငွေ လျှော့ချတာ၊ ငွေစက္ကူ ရိုက်ထုတ်မှု ထိန်းချုပ်တာနဲ့ နိုင်ငံခြား အရန်ငွေထဲက ဒေါ်လာတွေကို ဈေးကွက်ထဲ ထည့်သွင်းတာတို့ ဖြစ်ပါတယ်။ တကယ်တော့ အရင် စစ်အစိုးရ လက်ထက်တုန်း ကလည်း အဲဒီနည်းအတိုင်း လုပ်ကိုင်အောင်မြင်ခဲ့ဖူးတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ အရင် စစ်အစိုးရခေတ်တုန်းက တစ်ဒေါ်လာ ကျပ် ၁,၄၀၀ ဝန်းကျင်လောက် အထိ ဖြစ်ပေါ်ခဲ့ရာကနေ တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင်အထိ ကျပ်ငွေတန်ဖိုးကို မြှင့်တင်ခဲ့ဖူးတဲ့ သာဓက ရှိခဲ့ဖူးလို့ ဖြစ်ပါတယ်။ လက်ရှိ ဗဟိုဘဏ်ကနေ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ဒေါ်လာတွေ လိုသလောက် ရောင်းပေးမယ်ဆိုတဲ့ ကိစ္စကတော့ ဆေးမြီးတို ကုနည်းသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly