“အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို တင်ဒါခေါ်တာ ဘာဖြစ်သွားသလဲ”

“အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို တင်ဒါခေါ်တာ ဘာဖြစ်သွားသလဲ”

အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်နေတဲ့ အမှိုက်သိမ်း လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့၊ အမှိုက်သိမ်းခ သုံးဆကနေ လေးဆ ကောက်ခံမယ့်ကိစ္စ လူထုသဘောထား ဆန္ဒကောက်ခံတဲ့ကိစ္စ အဖြေထွက်လာပါပြီ။ ဒီကိစ္စ သဘောထား ဆန္ဒပေးသူ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်ဟာ အမှိုက်သိမ်းတာကို ကိုယ့်ဖာသာကိုယ်ပဲ ဆက်လုပ်မယ်ဆိုပြီး မြို့တော်ဝန်က ပြောလာပါပြီ။ ရန်ကုန်မြို့တော်က အမှိုက်သိမ်းတဲ့ကိစ္စ စည်ပင်က ခုလို ကိုင်တွယ်ဖြေရှင်းပုံဟာ မှန်ကန်ပါရဲ့လား။ အမှိုက်သိမ်းတဲ့ကိစ္စ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ ဆန္ဒပြုတဲ့ ပြည်သူတွေ အဓိက သဘောမတူတာက အမှိုက်သိမ်းခွန်ကို လက်ရှိ ကောက်ခံတဲ့ နှုန်းထားကနေ ၃ ဆ ကနေ ၄ ဆ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီး လုပ်ကိုင်စေတာကို ကန့်ကွက်တာမျိုး မဟုတ်ပါ။ ဒါပေမဲ့ ရန်ကုန်စည်ပင် တာဝန်ရှိသူတွေဟာ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို လွဲှမယ့်ကိစ္စ နဲ့ ဈေးနှုန်း မြှင့်တင်မယ့်ကိစ္စ ရောထွေးပြီး သဘောထား ကောက်ခံတဲ့အတွက် ခုလို အဖြေမျိုး ထွက်လာတာပါ။ ဒီအတွက် စည်ပင် တာဝန်ရှိသူတွေ အနေနဲ့ အမှိုက်သိမ်းလုပ်ငန်း သူတို့ပဲ ဆက်လုပ်တာ မှန်သယောင်၊ ပြည်သူတွေကပဲ လိုလားသယောင်ဆိုတဲ့ အခြေအနေမျိုး ဖန်တီး လိုက်တာလည်း ဖြစ်ပါတယ်။

တကယ့်တကယ်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ လုပ်ငန်းပေါင်းများစွာကို ကိုယ်တိုင် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းသဖွယ် ဖြစ်နေပါတယ်။ အဓိပ္ပာယ်ကတော့ စည်ပင်နဲ့ ပတ်သက်တဲ့ အခွန်အခတွေကို ကိုယ့်ဖာသာ ကိုယ်ကောက် ရတဲ့ ငွေတွေကို ကိုယ့်ဖာသာကိုယ် သုံး ဆိုတာမျိုး ဖြစ်နေတဲ့ အဖွဲ့အစည်းပါ။ အဲဒီအထဲမှာမှ လမ်းခင်းတာ၊ တံတားထိုးတာ၊ ရေဖြန့်ဖြူးတာ၊ အမှိုက်သိမ်းတာနဲ့ တခြားလုပ်ငန်းပေါင်းများစွာ ပါဝင်ပါတယ်။

ကိုယ်ကောက်လို့ရတဲ့ ငွေတွေကို ကိုယ့်ဖာသာကိုယ် စီမံခန့်ခွဲပြီး လုပ်ငန်းတွေကို ကိုယ့်ဖာသာကိုယ် လုပ်တဲ့အတွက် အဂတိ လိုက်စားမှုများစွာ ဖြစ်ပေါ်စေပါတယ်။ လုပ်ကိုင်တဲ့ လုပ်ငန်းတွေဟာလည်း စနစ်မကျတဲ့၊ အရည်အသွေး မမီတဲ့ လုပ်ငန်းတွေအဖြစ် ကျရောက်သွားစေပါတယ်။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်က တာဝန်ယူ လုပ်နေတဲ့ လမ်းခင်းတာ၊ ပလက်ဖောင်း ခင်းတာ၊ ကားပါကင် ဖော်တာ၊ ရေမြောင်း တူးတာ၊ တံတား ထိုးတာ၊ အမှိုက်သိမ်းတာ အားလုံးဟာ စနစ်လည်းမကျ အရည်အသွေးလည်း မရှိဘူးဆိုတာ ပြည်သူအားလုံး မြင်တွေ့နေရတာပါ။

ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံအတွက် ဖြစ်သင့်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ စီမံခန့်ခွဲမှု လုပ်ငန်းတွေကိုပဲ ကျစ်ကျစ်လျစ်လျစ်နဲ့ စနစ်တကျ လုပ်သင့်ပါတယ်။ တကယ် လက်တွေ့မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ အားလုံး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါ ယှဉ်ပြိုင်စေပြီး ဆောင်ရွက်ခိုင်းတာမျိုးက ပိုပြီး သင့်တော်ပါတယ်။ အဲဒီလို လုပ်နိုင်ရင် မြို့တော်စည်ပင်က ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ စနစ်တကျ ဖြစ်လာမှာ ဖြစ်သလို အရည်အသွေးလည်း ရှိလာ၊ အဂတိ လိုက်စားမှုလည်း နည်းလာ စေနိုင်ပါတယ်။

ဥပမာ အမှိုက်သိမ်းလုပ်ငန်းမှာ ဆိုရင်လည်း အမှိုက်သိမ်းတဲ့ လုပ်ငန်းကြီး တစ်ခုလုံး ပုဂ္ဂလိက လုပ်ငန်းတစ်ခုခု ဒါမှမဟုတ် လုပ်ငန်းတာဝန် အပိုင်းတွေ ခွဲခြားပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါ ယှဉ်ပြိုင် လုပ်ကိုင်စေသင့်ပါတယ်။ နောက် တစ်ဘက်မှာလည်း အမှိုက်ခွန် နှုန်းထားကို စည်ပင်က သတ်မှတ်၊ ပြီးရင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို အမှိုက်ခွန် ကောက်ခံဖို့ တင်ဒါပေး စေခိုင်းတာမျိုး ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ကို နိုင်ငံတကာ အဆင့်မီ မြို့တော်အဖြစ် သန့်ရှင်းသပ်ရပ်ဖို့ဆိုရင် ကောင်းမွန်တဲ့ အမှိုက်သိမ်း
စနစ်ရှိဖို့ လိုပါတယ်။ ဘယ်လို စနစ်မျိုး ထားရှိသင့်သလဲ ဆိုတာ မြို့ပြဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အကြံဉာဏ် ရယူရပါမယ်။ အမှိုက်သိမ်းတဲ့ အဆင့် ဘယ်နှစ်ဆင့် ထားမလဲ၊ အမှိုက်ပုံးတွေနဲ့ အမှိုက်ကားတွေ ဆက်စပ်နိုင်အောင် ဘယ်လို အမျိုးအစား တွေ သုံးရမလဲ၊ ပြည်သူတွေ အလွယ်တကူ စွန့်ပစ်နိုင်အောင် ဘယ်လို စီစဉ်ပေးမလဲ စတဲ့ စနစ်တစ်ခု ဖော်ထုတ်ပြီးတဲ့အခါ အဲဒီ စနစ်နဲ့အညီ ဘယ်ကုမ္ပဏီတွေက လုပ်ကိုင်ဆောင်ရွက်နိုင်မလဲ၊ ဈေးနှုန်း ဘယ်လောက် ယူမလဲ တင်ဒါ ခေါ်ရပါမယ်။ ဒါဟာ အလွန်ငွေကြေးပမာဏ ကြီးမားတဲ့ တင်ဒါ ဖြစ်နေတာကြောင့် ပြည်တွင်း ပြည်ပ လုပ်ကိုင်ချင်သူလည်း များမှာပါ။ လုပ်မယ့်သူ မရှိတာ မပူရပါဘူး။ ဒါက တစ်ပိုင်းပါ။

နောက်တစ်ပိုင်းကတော့ အမှိုက်သိမ်းခွန် ကောက်ခံမှု အပိုင်းပါ။ ပုဂ္ဂလိက အမှိုက်သိမ်း ကုမ္ပဏီကိုပေးရမယ့်
နှုန်းထားကို လောက်ငှအောင် ပြည်သူတွေဆီက အချိုးကျ ပြန်ကောက်ဖို့ မလိုပါဘူး။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံ၊ ဆင်းရဲတဲ့ ပြည်သူတွေ နေထိုင်ရာ တိုင်းပြည် ဖြစ်တဲ့အတွက် အမှိုက်သိမ်းခွန်ကို ပုဂ္ဂလိကကို ပေးရမယ့် ငွေပမာဏမျိုး မပေးနိုင်၊ မပေးချင်ကြပါဘူး။ ဒီအတွက် စည်ပင်အာဏာပိုင်တွေကသာ သင့်တော်တဲ့ နှုန်းထား သတ်မှတ်ရမှာပါ။ ဥပမာအားဖြင့် လျှပ်စစ်ဝန်ကြီးဌာနက လုပ်သလို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆီကနေ အစိုးရက ဈေးနှုန်း တစ်မျိုးနဲ့ ဝယ်ပြီးရင် ပြည်သူတွေဆီဖြန့်၊ ပြည်သူတွေဆီ ဖြန့်တဲ့ နှုန်းထားကိုတော့ အစိုးရက သတ်မှတ်၊ မီတာခ ကောက်တာကိုလည်း ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေး ဆိုတာမျိုးနဲ့ ဆင်တူပါတယ်။

အမှိုက်သိမ်း ခွန်ကောက်တာ ပုဂ္ဂလိကကို လုပ်ခွင့်ပေးရင်လည်း အကျိုးအများကြီး ထူးမှာပါ။ လက်ရှိ မြို့တော် စည်ပင်ရဲ့ လေ့လာချက်အရ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်မှာ နေထိုင်သူ မိသားစုပေါင်း ၇ သိန်းလောက် ရှိရာမှာ ၃ သိန်းကျော်လောက်ဆီကပဲ အမှိုက်ခွန် ကောက်ခံရတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကကို ကောက်ခိုင်းရင် ဝင်ငွေ ပိုရလာမှာပါ။

ခြုံပြီးပြောရရင် စည်ပင် တာဝန်ရှိသူတွေဟာ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို လုပ်ခွင့်ပေးဖို့ကိစ္စ အမှိုက်ခွန်
ဈေးနှုန်းပြဿနာနဲ့ ခုလို ရောထွေးလိုက်တာဟာ မမှန်ကန်ပါဘူး။ တကယ် ဖြစ်သင့်တာက မြို့တော် ပိုသန့်ရှင်းအောင်၊ အမှိုက်သိမ်းလုပ်ငန်း၊ စနစ်ကျအောင် ပုဂ္ဂလိကကို ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါပေး ဆောင်ရွက်စေရမှာ ဖြစ်သလို ပြည်သူတွေ လက်ခံနိုင်တဲ့၊ သင့်တော်တဲ့ အမှိုက်ခွန်နှုန်းထား သတ်မှတ်ရမှာက စည်ပင်တာဝန် ဖြစ်ပါတယ်။ ဒါ့အပြင် အမှိုက်ခွန် ကောက်ခံရေး လုပ်ငန်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ လုပ်ကိုင်ခွင့် ပေးသင့်ပါ ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly