“ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေး ဘယ်လောက်ပါသလဲ”

“ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေး ဘယ်လောက်ပါသလဲ”

အခုဆိုရင် အများမျှော်လင့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း လွှတ်တော်ထဲ တင်သွင်းလိုက်ပါပြီ။ ဒီမူကြမ်းဟာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ သဘောထားတွေလို့ ဆိုနိုင်ပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား အမတ်တွေဘက်က သဘောတူရင်တော့ အတည်ဖြစ်လာစရာ ရှိပါတယ်။ တပ်မတော်သား အမတ်တွေ တစ်နည်းပြောရရင် ကာကွယ်ရေး ဦးစီးချုပ်က သဘောမတူတဲ့ အချက်တွေကို အတည်ပြုနိုင်မှာ မဟုတ်သလို၊ ဥပဒေ မူကြမ်းထဲတောင် ပါမလာတဲ့ အချက်တွေဆိုရင်တော့ ပြင်ဆင်နိုင်ဖို့ အလွန်အလှမ်းဝေးပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားမြစ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ဖို့ကိစ္စ၊ အင်န်အယ်လ်ဒီဘက်က လိုလားတဲ့  လွှတ်တော်တွင်း အမတ်စုစုပေါင်းရဲ့ တစ်ဝက်ကျော်က သဘောတူရင် ဖွဲ့စည်းပုံကို ပြင်နိုင်မယ့် ပုဒ်မ ၄၃၆ လို ကိစ္စမျိုးကတော့ ပြင်နိုင်ဖွယ် လုံးဝ မရှိပါဘူး။ တိုင်းရင်းသားတွေ လိုလားနေတဲ့ အချက်တချို့ကိုရော ပြင်ဆင်နိုင်ဖွယ်ရှိသလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

မူလ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်နဲ့ တိုင်းတွေရဲ့ ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်ထားရမယ်ဆိုပြီး
ဖော်ပြထားပါတယ်။ သမ္မတဟာ သက်ဆိုင်ရာ လွှတ်တော်ထဲက တပ်မတော်သား အမတ် တစ်ယောက်ယောက်ကို
ဖြစ်စေ၊ ရွေးချယ်ခံ အမတ်တွေထဲကဖြစ်စေ၊ ဘယ်သူ့ကိုမဆို ခန့်အပ်နိုင်ပါတယ်။ သမ္မတက ခန့်ထားသူဟာ ဝန်ကြီးချုပ် ဖြစ်ခွင့်ရှိတဲ့ အရည်အချင်းနဲ့ မကိုက်ညီကြောင်း သက်သေ မပြနိုင်ဘူးဆိုရင် သမ္မတရဲ့ အဆိုပြုချက်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ကန့်ကွက်ပိုင်ခွင့် မရှိပါဘူး။ ပြောရရင် ပြည်နယ်တွေမှာ အဓိက အခြေစိုက်တဲ့ တိုင်းရင်းသား ပါတီတွေဟာ အဲဒီ ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲတွေမှာ ဘယ်လောက် အတိုင်းအတာပဲ နိုင်နိုင်၊ ဝန်ကြီးချုပ် တစ်ယောက် မခန့်နိုင်၊ ပြည်နယ် အစိုးရလည်းဖွဲ့ခွင့် မရှိတဲ့ အနေအထားမျိုးပါ။ တိုင်းရင်းသား ပါတီတွေဟာ ဒီအချက်ကို လုံးဝ သဘောကျကြတာ မဟုတ်ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံထဲက ဖော်ပြချက်ဟာ ဒီလောက်ပဲလားဆိုတော့ မကသေးပါဘူး။ တကယ်လို့များ သမ္မတဟာ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို ရော၊ ရွေးကောက်ခံ အမတ်တွေကိုပါ ဘယ်တစ်ယောက်ကိုမှ သဘောမကျဘူးဆိုရင် အခြား သူနှစ်သက်ရာ တပ်မတော်သား တစ်ယောက်ယောက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးနိုင်ပါသေးတယ်။ လုပ်ပုံ လုပ်နည်းကတော့ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုတဲ့ တပ်မတော်သား တစ်ယောက်ယောက်ကို အဲဒီ ပြည်နယ်ရဲ့ အမတ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်က အရင်ဆုံး အမည်စာရင်း တင်သွင်းရပါမယ်။ ဒါကိုလည်း အချိန်မရွေး လုပ်ကိုင်လို့ ရပါတယ်။ အဲဒီ တပ်မတော် အရာရှိ ပြည်နယ်အမတ် ဖြစ်ပြီဆိုတာနဲ့ သမ္မတက ဝန်ကြီးချုပ်အဖြစ် တန်းခန့်အပ်လိုက်ရုံပါပဲ။ သက်ဆိုင်ရာ ပြည်နယ် အမတ်တွေလည်း ဘာမှ မတတ်နိုင်ကြပါဘူး။ လက်ရှိ အစိုးရ သက်တမ်းအတွင်းမှာ သမ္မတ ဦးသိန်းစိန်ဟာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တွေကို ဒီနည်းနဲ့ ခန့်အပ်ထားခဲ့တာပါ။ ပြောရရင် အရင် စစ်အာဏာရှင်တွေဟာ စစ်ဗိုလ်ချုပ် တစ်ယောက် ယောက်ကို သမ္မတ ဖြစ်အောင်လုပ်ပြီးရင် စစ်တိုင်းမှူးတွေနဲ့ တူတဲ့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် တွေကို ကိုယ့်စိတ်ကြိုက် ခန့်အပ် တာဝန်ပေးနိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံထဲ ရေးဆွဲထားခဲ့တာပါ။

အခု ပြည်ခိုင်ဖြိုးပါတီက အဆိုပြုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေး ဥပဒေကြမ်းမှာတော့ အဲဒီအချက်ကို
ပြင်ဆင်ထားပါတယ်။ ပုဒ်မ ၂၆၁ (ခ) ကို နဂိုမူလ ကနေ “သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တာဝန်ပေးအပ်နိုင်ရန် (၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။ (၂) ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတထံသို့ ပေးပို့ရမည်” လို့ ပြင်ထားပါတယ်။

အဓိပ္ပာယ်ကတော့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်ကနေ မဲနဲ့ ရွေးချယ်ခွင့် ပေးလိုက်တာပါ။ ဒါပေမယ့်လည်း သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း နေရာ ရယူထားတာမို့ တပ်မတော်သား အမတ်တွေနဲ့ ပူးပေါင်းမယ့် ပါတီဟာ ပိုပြီး အရေးသာပါလိမ့်မယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသား ပါတီဟာ အမတ်နေရာ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရရုံနဲ့ လွှတ်တော်ထဲမှာ ပြည်နယ် ဝန်ကြီးချုပ် တစ်ယောက် ရွေးကောက်ခံနိုင်မှာ မဟုတ်ပါဘူး။ အနည်းဆုံး ၆၇ ရာခိုင်နှုန်းလောက် ရွေးကောက်ခံရမှ ပြည်နယ်ဝန်ကြီးချုပ် တစ်ယောက် ရွေးချယ်နိုင်မယ့် မဲ လုံလုံလောက်လောက် ရပါလိမ့်မယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီ ဆိုရင်တော့ ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရရုံနဲ့ တပ်မတော်သား အမတ်တွေနဲ့ ပေါင်းပြီး ဝန်ကြီးချုပ် တစ်ယောက်ကို ရွေးချယ် ခန့်အပ်နိုင်ပါလိမ့်မယ်။ ပြောရရင် ဒီပြင်ဆင်ချက်ဟာ အရင် ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်ထက်ပိုပြီး ကောင်းမွန်လာတယ် ထင်ရပေမယ့် ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေထဲမှာ တပ်မတော်သား အမတ်တွေက နေရာယူထားတာကြောင့် တရားမျှတမှုတော့ ရှိဦးမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ ပြောပြောနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာမျိုးနဲ့ကတော့ အဝေးကြီးမှာပဲ ရှိနေပါဦးမယ်။ ဒါကလည်း ဒီအချက်ကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ထဲက တပ်မတော်သား အမတ်တွေက သဘောတူ ထောက်ခံဦးမှပါ။ သူတို့ သဘောမတူရင် တစ်နည်းအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်က သဘောမတူရင်လည်း ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် ရွေးချယ်ရေးဟာ နဂိုအတိုင်း သမ္မတက ခန့်အပ်တဲ့ အခြေအနေပဲ ဖြစ်နေပါဦးမယ်။

ဒီအချက်နဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သဘောတူ မတူဆိုတာ ပြောဖို့ ခက်ပါတယ်။ သူ့အနေနဲ့ ပုဒ်မ ၅၉ (စ) ဖြုတ်ပယ်ရေးလို၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလို ကိစ္စတွေကို သဘောမတူနိုင်ကြောင်း ပြတ်ပြတ်သားသား
ပြောထားပြီး ဖြစ်သလို၊ ပြည်နယ်နဲ့ တိုင်းတွေရဲ့ လုပ်ပိုင်ခွင့်ပိုပေးဖို့ကိစ္စ တပ်မတော်သား အမတ်တွေကနေတဆင့် လွှတ်တော်ထဲ တရားဝင် တင်ပြထားပြီးပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် ခန့်အပ်ရေးမှာ ခုလို ပြင်ဆင်မယ် မပြင်ဆင်ဘူး ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ လက်ရှိ လွှတ်တော်တွင်း ရောက်နေပြီဖြစ်တဲ့
ပြင်ဆင်ရေး ဥပဒေမူကြမ်းပါ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စလောက်ကိုတောင် တပ်မတော်ဘက်က သဘော မတူဘူး၊ အဲဒီအချက်ကို မပြင်နိုင်ဘူး ဆိုရင်တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာမျိုး တည်ဆောက်လို့ ရနိုင်မှာ မဟုတ်သလို၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကလည်း လေထဲက စကားလုံးတွေ အဖြစ်ပဲ ရှိနေတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly