“ဂျူရီလူကြီး”

“ဂျူရီလူကြီး”

ကိုမျိုးသန့်ရေ - ဒီတစ်ပတ်တော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တည်ထောင်ထားတဲ့ လူ့ဂုဏ်သိက္ခာ ဖလင်အင်စတီကျု က ဦးစီးကျင်းပမယ့် “လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” အကြောင်း ပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရဲ့ ရုပ်ရှင်ပွဲတော်ကာလတွေ တုန်းကတော့ ကျွန်တော်ဟာ ပရိသတ် တစ်ယောက်ပါ။ ဒီနှစ်တော့ ရုပ်ရှင်ဆု တစ်ဆု အကဲဖြတ်ရာမှာ ဂျူရီလူကြီး (ဒိုင်) တွေထဲက တစ်ယောက်အဖြစ် ဆောင်ရွက်ရတာမို့ အဲဒီအကြောင်း ပြောပြချင်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ်တက်၊ နိုင်ငံရေးအရ ဖြေလျော့မှုတွေ လုပ်ပေးစ အချိန်မှာ ကျင်းပတဲ့ ပထမဦးဆုံး ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျွန်တော် တက်ခွင့် ရပါတယ်။ ကျွန်တော် မှတ်မိတာ ပြည်လမ်း တော်ဝင်စင်တာမှာပါ။ ဖွင့်ပွဲ အခမ်းအနားမှာ အဖွင့်စကား ပြောတာတွေ၊ သီဆိုဖျော်ဖြေတာတွေ ပါတာကို လည်း မှတ်မိပါတယ်။ အဲဒီနေ့မှာ အဆိုတော် လင်းလင်းကလည်း မန္တလေးမြို့သေဆုံးခြင်း သီချင်းကို ဆိုပါတယ်။ တခြား သီချင်းတွေကိုလည်း ဆိုပါတယ်။

လူငယ်လေးတွေကလည်း ဟစ်ဟော့ပ် သီချင်းတွေကို ဆိုပြကြပါတယ်။ အဲဒီ သီချင်းတွေကို ခုချိန်မှာ ကြားရရင် မဆန်းပေမယ့် အဲဒီ အချိန်တုန်း ကတော့ ဆန်းပါ တယ်။ သီချင်းစာသားတွေ ပြောစကားတွေဟာ ကြက်သီးမွေးညှင်း ထလောက်စရာတွေပါ။ အဓိက ကျွန်တော် မှတ်မိနေတာကတော့ ပွဲခင်းထဲမှာ ကျွန်တော် မျက် ရည် ကျမိတာပါ။ ကျွန်တော် မွေးဖွားလာစဉ်ကတည်းက၊ မှတ်မိတဲ့ အချိန်ကတည်းက ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေး တချို့ ပြန်ရတာကို ကိုယ်တိုင်တွေ့ရတော့ ယုံတစ် ဝက်၊ မယုံတစ်ဝက်၊ ဝမ်းသာ ဝမ်းနည်း ကျရတဲ့ မျက်ရည်ပါ။ လူတွေအများကြီး သေကြေ၊ ဒဏ်ရာတွေရ၊ လူစဉ်မမီတာတွေဖြစ်၊ အကျဉ်းထောင်တွေထဲမှာ အချိန်တွေ ကုန်ဆုံး အများကြီး ပေးဆပ်ပြီးမှ ပြန်ရလာတဲ့ လွတ်လပ်ခွင့် နည်းနည်းကို တွေ့လိုက်ရလို့ ကျရတဲ့ မျက်ရည်ပါ။

ဒါ့အပြင် အဲဒီလွတ်လပ်ခွင့် ဘယ်အတိုင်းအတာထိ ရှိမလဲ။ ကျွန်တော်စူးစမ်းပါတယ်။ အပေါ်ထပ် ခန်းမမှာ အခမ်းအနား ကျင်းပတာ၊ သီဆိုဖျော်ဖြေတာ၊ စကားပြော တာတွေကို မြေညီထပ် စင်တာရှေ့က အယ်လ်စီဒီ ဘုတ်ပေါ်မှာ ပြနေတာ တွေ့ရပါတယ်။ အဲဒီမှာ ပြည်သူအများ ထိုင်ပြီး ကြည့်ရှု အားပေးကြတာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် “လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်” ဟာ ကျွန်တော်တို့ရဲ့ ဆုံးရံှုးခဲ့ရတဲ့ လူ့အခွင့်အရေးတွေ၊ လူ့ဂုဏ်သိက္ခာတွေကို အစောဆုံး ဆောင်ယူပေးလာတဲ့ ပွဲတော် တစ်ခုအဖြစ် ကျွန်တော် မှတ်မိနေပါတယ်။

အဲဒီနှစ်နဲ့ နောက်ပိုင်း နှစ်တွေမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် ကျွန်တော် တက်ပါတယ်။ ရုပ်ရှင်တွေ ကျွန်တော် ကြည့်ပါတယ်။ နှစ်ခြိုက်စရာ အလွန်ကောင်းတဲ့ ရုပ်ရှင်တွေ ကြည့်ရသလို၊ စိတ်ထိခိုက်ဖွယ် ကောင်းလောက်အောင် ဖန်တီးမှု အလွန်အားကောင်းတဲ့ ရုပ်ရှင်တွေကိုလည်း ကျွန်တော် ကြည့်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် အလွန်သဘောကျတဲ့ ရုပ်ရှင်ပွဲတော်ပါ။ ဒီ ရုပ်ရှင်ဇာတ်ကားတွေကို ပွဲတော်အချိန် ပြင်ပ တခြား ရုပ်ရှင်ရုံတွေ၊ တီဗီ ချယ်နယ်တွေမှာ မကြည့်ရပေ မယ့် နောက်ပိုင်း လူ့ဂုဏ်သိက္ခာ အင်စတီကျုက တာဝန်ရှိသူ တွေ မြန်မာနိုင်ငံအနှံ့ လိုက်လံပြသတာလည်း ကြားရပါတယ်။ ဒီအတွက် ဝမ်းသာပါတယ်။

ကိုမျိုးသန့်ရေ - အခုနှစ်မှာတော့ ကျွန်တော့်ကို ရုပ်ရှင်ဆု တစ်ဆုကို အကဲဖြတ်ရတဲ့ ဂျူရီ အလုပ် ဝင်လုပ်ပေးဖို့ ကမ်းလှမ်းပါတယ်။ ကျွန်တော် အကြီးအကျယ် ငြင်းပါတယ်။ ကျွန်တော့်မှာ ရုပ်ရှင် အတတ်ပညာဆိုင်ရာ ဗဟုသုတ အလွန်နည်းကြောင်း၊ အနုပညာဆိုင်ရာ တတ်သိ နားလည်မှုလည်း မရှိတဲ့အကြောင်း၊ သာမန် ရုပ်ရှင်ကြိုက် တဲ့ ရုပ်ရှင်ကြည့် ပရိသတ် တစ်ယောက်ပဲ ဖြစ်တဲ့အကြောင်း စသဖြင့်ပေါ့။ ဒါပေမယ့် သူတို့ဘက်ကလည်း အသေအချာ ပြန်ရှင်းပြပါတယ်။ ဂျူရီတွေထဲမှာ လူအစုံပါ မယ့်အကြောင်း၊ ရုပ်ရှင်နယ်ပယ်က လူတွေ၊ ရုပ်ရှင် အတတ်ပညာ နားလည်သူတွေ ပါသလို၊ စာရေးဆရာ၊ ပါဖောမင့်အနုပညာသည်၊ ကာတွန်းဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ် အစုံပါတဲ့အကြောင်း၊ နိုင်ငံတကာက လူတွေလည်း ပါတဲ့အကြောင်း၊ ကိုယ့်ဘဝ ဖြတ်သန်းမှု အတွေ့အကြုံနဲ့ ကိုယ်စိတ်ကြိုက်တွေ့တာကို ရွေးချယ်ပေး ဖို့ပဲ လိုတဲ့အကြောင်း ရှည်ရှည်လျားလျား ရှင်းပြပါတယ်။ အပြန်အလှန် စကားတွေ အများကြီး ပြောကြပြီးတဲ့နောက် ရုပ်ရှင် အကဲဖြတ် ဂျူရီ လူကြီးတစ်ယောက် အဖြစ် လုပ်ကိုင်ပေးဖို့ ကျွန်တော် သဘောတူလိုက်ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာက ပေးပို့တဲ့ ရုပ်ရှင်တွေကို စုစုပေါင်း ဆု (၇) ဆု ချီးမြှင့်မှာပါ။ အဲဒီ(၇) ဆုအတွက် ဇာတ်ကားတွေကို ခွဲတမ်းချပါတယ်။ ဆုတစ်ဆုစီအတွက် ပျမ်းမျှ ဂျူရီလူကြီး ၃ ယောက်လောက်က အကဲဖြတ်ပေးရပါတယ်။ တချို့ ဂျူရီအဖွဲ့တွေမှာ မြန်မာတွေချည်းပဲ ပါပြီး၊ တချို့ ဂျူရီအဖွဲ့တွေမှာတော့ မြန်မာရော ၊ နိုင်ငံခြား သားတွေပါ ပါပါတယ်။ တချို့ ဂျူရီအဖွဲ့တွေက ဇာတ်ကား ၃ ကားလောက်ပဲ ကြည့်ပေးရမှာဖြစ်ပြီး တချို့အဖွဲ့ကတော့ ၁၅ ကား၊ ကား ၂၀ ကျော်ကြည့်ပြီး အကဲဖြတ်ပေးရမှာပါ။ ပေးမယ့် ဆုတွေကတော့ အောင်ဆန်းစုကြည်ဆု (ပြည်တွင်း)၊ အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာ)၊ မင်းကိုနိုင်ဆု၊ ဟံသာဝတီ ဦးဝင်းတင်ဆု၊ မတ် (၁၃) ရက် ဆု (national animation films)၊ ချက်သမ္မတ ဗားကလပ်ဟာဘယ်လ် စာကြည့်တိုက်ဆု၊ Peter Wintonick ဆု ဆိုပြီးတော့ (၇) ဆုပါ။ ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်၊ ဟံသာဝတီ ဦးဝင်းတင်နဲ့ ကိုမင်းကိုနိုင် တို့ဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်လေတော့ သူတို့နာမည်တပ်ပြီး ဆုချီးမြှင့်ရတယ်လို့ ထင်ပါတယ်။

အဲဒီအထဲမှာ အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာ) ကို ဒေါ်လာ ၂,၀၀၀ ဆုချီးမြှင့်မှာဖြစ်ပြီး ကျန်ဆု အားလုံးကိုတော့ ဒေါ်လာ ၁,၀၀၀ စီ ချီးမြှင့်မယ်လို့ သိရပါတယ်။ ဆုချီးမြှင့်တဲ့ ပွဲမှာ ဂျူရီလူကြီးတွေက ဘာကြောင့် အဲဒီ ဇာတ်ကားကို ရွေးချယ်ရသလဲ အများရှေ့ ရှင်းပြရမှာပါ။

ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ဇွန်လ ၁၄ ရက်မှာ လုပ်ပြီး ပိတ်ပွဲကို ဇွန်လ ၁၉ ရက်မှာ ကျင်းပပါမယ်။ အဲဒီ ကြားရက်တွေအတွင်း
နေပြည်တော်၊ ဝဇီရာရုံတွေမှာ တောက်လျှောက် ပြသွားမှာပါ။ အများပြည်သူတွေ အခမဲ့ကြည့်ခွင့် ရကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ကဆို နိုင်ငံတကာမှာပဲ လုပ်လေ့လုပ်ထ ရှိတဲ့ ရုပ်ရှင်ပွဲတော် ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပလာတာကိုတော့ ပျော်ရွှင် မိပါတယ်ဗျာ။ စင်ကာပူရောက် ကိုမျိုးသန့် ကျန်းမာပျော်ရွှင်ပါစေ။

သတိရလျက်

စည်သူအောင်မြင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly