“ကိုယ့်အိပ်ထဲက ငွေ၊ နေ့စဉ် လုယူခံနေရတဲ့ မြန်မာပြည်သူတွေ”

“ကိုယ့်အိပ်ထဲက ငွေ၊ နေ့စဉ် လုယူခံနေရတဲ့ မြန်မာပြည်သူတွေ”

အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် မြန်မာကျပ်ငွေ တန်ဖိုး တရှိန်ထိုး ကျဆင်းနေပြီး ဈေးကွက်လည်း ကမောက်ကမ
ဖြစ်စပြုနေပါပြီ။ ထူးခြားတာ တစ်ခုတော့ ကျပ်ငွေ တန်ဖိုး ကျဆင်းနေတဲ့ကိစ္စ လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက တာဝန်ရှိသူတွေကို ခေါ်ယူပြီး အရေးပေါ် ဆွေးနွေးပွဲ လုပ်တယ်ဆိုတဲ့ သတင်းပါ။ လက်ရှိ ဈေးကွက်ထဲမှာ ဘာတွေ ဖြစ်နေသလဲ၊ ဒီကျပ်ငွေ တန်ဖိုး ကျဆင်းမှုအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ရှေ့ ဘာဆက်ဖြစ်လာ နိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇွန်လ ၁၀ ရက်နေ့ မှောင်ခိုဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၁,၂၅၀ ဝန်းကျင် ဈေးပေါက်နေပါတယ်။ ဒီဈေးဟာ တည်ငြိမ်နေတာတော့ မဟုတ်ပါဘူး။ ကောလဟလ သတင်းတွေနဲ့အတူ ကျပ် ၁,၂၅၀ ကနေ ကျပ် ၁,၃၀၀ ကြားမှာ ကစားနေတာပါ။ ခုလို ဒေါ်လာဈေး မတည်မငြိမ်ဖြစ်ရင် ဒေါ်လာဈေး မှောင်ခို ရောင်းဝယ်သူတွေ အလွန် အလုပ်ဖြစ် တွက်ခြေကိုက်ပါတယ်။ အဓိက ကတော့ ရောင်းဈေး ဝယ်ဈေးကို ပုံမှန်ထက် ခွာထားတာ လုပ်နိုင်သလို၊ ဟောင်းနွမ်း၊ နံပါတ်မကြိုက်တဲ့ ဒေါ်လာစက္ကူတွေကိုလည်း ဈေးပို နှိမ်နိုင်လို့ပါပဲ။ ထုံးစံအတိုင်း ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အောက်မှာ ရောင်းဝယ်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲ ကောင်တာတွေမှာတော့ တစ်ဒေါ်လာ ၁,၁၁၅ ကျပ် အောက်ပဲ ရှိနေပြီး အဲဒီဈေးနဲ့ ဘယ်သူ့ကိုမှတော့ ရောင်းမပေးပါဘူး။ တရားဝင် ငွေလဲကောင်တာတွေ ခြောက်ကပ်နေတဲ့ သဘောပါ။ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းတဲ့အတွက် ဒေါ်လာဈေး တစ်မျိုးတည်း တက်သွားတာ မဟုတ်ပါဘူး။ မြန်မာကျပ်ငွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်နဲ့ အခြားသော နိုင်ငံခြားငွေ အားလုံးလိုက်ပါ ဈေးတက်ပါတယ်။

ငွေဈေးတက်တာ မြန်လွန်းပြီး မတည်ငြိမ် တော့ နယ်စပ် အရောင်းအဝယ် ဈေးကွက်တွေမှာ အရောင်းအဝယ် ရပ်ဆိုင်းတာတွေ ဖြစ်ပါတယ်။ အဓိက ကတော့ ကျပ်ငွေကို နိုင်ငံခြားငွေ တစ်မျိုးမျိုးနဲ့ လဲပြီးမှ ဝယ်ရမယ့် ကုန်ပစ္စည်းတွေကို မဝယ်နိုင်၊ မဝယ်ရဲကြတော့လို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာလည်း ကုန်စည် ဒိုင်တချို့ ကုန်အရောင်း ရပ်ထားပါတယ်။ အခု ရောင်းပြီး တော်နေကြာ ရှုံးဆိုတဲ့ အခြေအနေမျိုး ကြုံမှာ စိုးလို့ပါ။

မြန်မာကျပ်ငွေ တန်ဖိုး ကျရတဲ့ ကနဦး အကြောင်းရင်းကတော့ အစိုးရ ဘတ်ဂျက် လိုငွေပြမှု များပြားလွန်းတာ၊ တစ်နည်းပြောရရင် အစိုးရ အသုံးစရိတ် များလွန်းနေတာ၊ ကျပ်ငွေစက္ကူ ရိုက်ထုတ်မှုများတာ၊ ပို့ကုန်နဲ့ နှိုင်းရင် သွင်းကုန်တန်ဖိုး ပမာဏ မြင့်တက် နေတာတွေက အဓိက ကျပါတယ်။ အဲဒီ အခြေအနေတွေကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်တယ်ဆိုရင် အခုလောက် ပြဿနာ မဖြစ်နိုင်ပါဘူး။ အခုက တတိယ ပြဿနာ ဝင်လာပါတယ်။ အဲဒါက ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်၊ ကုန်သည်တွေနဲ့ ပြည်သူတွေ ကိုယ်တိုင်က ကျပ်ငွေကို အယုံအကြည် နည်းလာတာ၊ ငွေဈေးအပြောင်းအလဲ မြန်နေတော့ ဝင်ရောက် ဈေးကစားသူ များလာတာတွေကြောင့်လည်း ဖြစ်ပါတယ်။

ဘယ်သူမဆို နားလည်နိုင်ကြမယ် ဖြစ်ပါတယ်။ ကိုယ့်မှာ ကျပ်ငွေ ပမာဏ အတော်များများ ရှိနေရင် ဒီငွေ တစ်နေ့တစ်ခြား တန်ဖိုးကျသွားတာ၊ ကိုယ်တိုင် တစ်နေ့ တစ်ခြား ဆင်းရဲသွားတာကို ဘယ်သူမှ ငုတ်တုတ် ထိုင်ကြည့်နေချင်စိတ် ရှိမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကိုယ့် သိမ်းဆည်းငွေ၊ ကိုယ့် ရင်းနှီးမြှုပ်နှံငွေတွေကို ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေနဲ့ ထားဖို့ ကြိုးစားကြပါတော့မယ်။ ကျပ်ငွေကို ထုတ်ပစ်ဖို့ ကြိုးစားကြပါတော့မယ်။ ဒီအခါ ဈေးကွက်ထဲမှာ ဒေါ်လာနဲ့ နိုင်ငံခြားငွေ ဝယ်လိုအားဟာ အဆမတန် များနေမှာ ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်ခေတ် ဒေါ်လာ တစ်ရွက်ကိုင်တာနဲ့ ထောင်တန်းချလို့ရတဲ့ အခြေအနေအောက်မှာတောင် အဲလို ဖြစ်ခဲ့ဖူးရင် ဒီကနေ့ ဒေါ်လာနဲ့ နိုင်ငံခြားငွေကို တရားဝင် လက်ဝယ်ကိုင်နိုင်၊ သိမ်းဆည်းနိုင်တဲ့ ခေတ်မှာ ပိုပြီး လုပ်ကြပါလိမ့်ဦးမယ်။ တချို့ကတော့ အခေါက်ရွှေဘက်ကို လှည့်ပြီး စုဆောင်းကြပါတယ်။

ဒါကို လောင်စာထိုးပေးမယ့် သူတွေကလည်း ဒီနေ့ခေတ်မှာ အင်အားကောင်းကောင်းနဲ့ အများကြီး ရှိနေပါပြီ။ ဒေါ်လာနဲ့
နိုင်ငံခြားငွေ တရားဝင်ကိုင်နိုင်၊ ရောင်းနိုင်ဝယ်နိုင်တဲ့ ပုဂ္ဂလိက ဘဏ်တွေ၊ ငွေလဲကောင်တာတွေပဲ ဖြစ်ပါတယ်။ အများစုသော နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့်ရှိတဲ့ ပုဂ္ဂလိက ဘဏ်နဲ့ ကောင်တာတွေဟာ တရားမဝင် နည်းနဲ့လည်း ပေါက်ဈေးအတိုင်း မှောင်ခို ဈေးကွက်မှာ အရောင်းအဝယ် လုပ်နေကြပါတယ်။ ခံရတာက မြန်မာကျပ်ငွေ လက်ဝယ်ရှိ သူတွေနဲ့ ပြည်သူတွေ အားလုံးပါ။ ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ ပြည်သူအားလုံးဟာ သူတို့ အိပ်ထဲက ငွေတွေ နေ့စဉ် အလုခံ၊ အခိုးခံ နေရပါတယ်။ လုသူ၊ ခိုးသူ ကတော့ ကျပ်ငွေကို ထုတ်လုပ်တဲ့၊ တန်ဖိုး သတ်မှတ်နိုင်စွမ်းရှိတဲ့ ဗဟိုဘဏ်နဲ့ အစိုးရ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ကျပ်ငွေ တန်ဖိုးကျလို့၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်စရိတ်တွေ ကြီးမြင့်၊ ပြည်သူတွေ အတိဒုက္ခ ရောက်ရတယ်ဆိုရင် တရားခံကတော့ ဗဟိုဘဏ်နဲ့ အစိုးရအဖွဲ့ပါပဲ။ တစ်ဆက်တည်း ဘတ်ဂျက်ကို အတည်ပြုပေးလိုက်တဲ့ လွှတ်တော်လည်း တာဝန်ရှိပါတယ်။

ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာကာစက ငွေတန်ဖိုးဟာ တစ်ဒေါ်လာ ကျပ် ၈၀၀ ကျော်မှာ တည်ငြိမ်နေပါတယ်။ ဒါကို ရေထွက်ကုန် နိုင်ငံခြားပို့တဲ့ ကုမ္ပဏီတွေက အော်ငြီးကြပါတယ်။ ဒေါ်လာဈေးကျလို့ သူတို့တွက်ခြေ မကိုက်ဘူး။ ဒေါ်လာဈေးတက်ရင် သူတို့ ကိုက်ပါတယ်၊ ဒေါ်လာဈေး တက်အောင် လုပ်ပေးပါဆိုပြီး ဖြစ်ပါတယ်။ အဲဒီ ပြဿနာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို တင်ပြတဲ့အခါ ပို့ကုန်သူဌေးတွေ တင်ပြတာ မှန်တယ်၊ ဒါကြောင့် တစ်ဒေါ်လာ ကျပ် ၉၀၀၊ ဖြစ်နိုင်ရင် ကျပ် ၁,၀၀၀ ဖြစ်အောင် လုပ်ပေးသင့်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောဆို တိုက်တွန်းခဲ့တာပါ။

ကျပ်ငွေတန်ဖိုး ကျအောင် လုပ်ရတာ လွယ်ပါတယ်။ ကျပ်ငွေတွေ ပိုပိုသာသာ ရိုက်ထုတ်လိုက်တာနဲ့ မြန်မြန်ဆန်ဆန်ပဲ တစ်ဒေါ်လာ ကျပ် ၁,၀၀၀ ဝန်းကျင် ရောက်သွားပါတယ်။ ပြည်သူတွေအတွက် အကျိုးမရှိ၊ တိုင်းပြည်စီးပွားရေးအတွက် အကျိုး မဖြစ်ပါဘူး။ အခု အစိုးရက လစာတိုးပေးတာတွေ၊ ကာကွယ်ရေး အပါအဝင် ဝန်ကြီးဌာန အသုံးစရိတ် မြှင့်ထားတာတွေကြောင့် ဘတ်ဂျက် အသုံးစရိတ် မြင့်တက်တာ၊ ဘတ်ဂျက်လိုငွေ ပြတာတွေ ဖြစ်ပေါ်နေပြီး ကုန်သွယ်ရေးမှာလည်း လိုငွေတွေ ပြနေလေတော့ ကျပ်ငွေတန်ဖိုး ပိုပိုကျဆင်းလာတာ ဖြစ်ပါတယ်။ ဒီအတွက် ဗဟိုဘဏ်နဲ့ အစိုးရအဖွဲ့ လုပ်စရာများများ မရှိပါဘူး။ အစိုးရ အသုံးစရိတ်ကို အကြီးအကျယ် ဖြတ်တောက်လျှော့ချမလား၊ တိုင်းပြည်ကပိုင်တဲ့ နိုင်ငံခြား အရန်ငွေတွေကို ဈေးကွက်ထဲ လိုသလောက် ရောင်းချပေးမလား ဆိုတာ ရွေးဖို့ပါပဲ။ ဒီလို မလုပ်ဘဲ ဆေးမြီးတိုတွေနဲ့ပဲ ကုနေရင် ကျပ်ငွေ တန်ဖိုးကို ထိန်းနိုင်မှာ မဟုတ်သလို၊ အဲဒီ ပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ကိုလည်း ပပျောက်အောင် လုပ်နိုင်မှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly