ဒေါ်လာစျေးနှင့် ကုန်စျေးနှုန်း မြင့်တက်လာခြင်းကြောင့် ပန်းချီအရောင်းအဝယ်ကျဆင်း

ဒေါ်လာစျေးနှင့် ကုန်စျေးနှုန်း မြင့်တက်လာခြင်းကြောင့် ပန်းချီအရောင်းအဝယ်ကျဆင်း
ပန်းချီပြပွဲတစ်ခုတွင် လာရောက်ကြည့်ရှုသူတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို)

ရန်ကုန်၊ ဇွန် ၁၇ ။ ။ ပန်းချီဈေးကွက်သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အရောင်းအဝယ်ပါးလာခြင်းသည် ဒေါ်လာဈေး များမြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်း များတက် လာခြင်းကြောင့်ဖြစ်သည်ဟု ပန်းချီဆရာအများစုက ဇွန် ၁၇ ရက်တွင် မဇ္ဈိမသို့ပြော ကြားခဲ့သည်။

“ပန်းချီဈေးကွက်က တစ်အိအိနဲ့ကို ကျဆင်းနေတာ အခုထိကို ခေါင်းမဖော်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် မြန်မာနိုင်ငံမှာက ကုန်ဈေးနှုန်း တွေက လည်း တက်လာတယ်။ ဒေါ်လာဈေးတွေကလည်း တက်လာတယ်။ အခြား အထွေအထွေအခက်အခဲတွေကြောင့် ပြည်ပကဝယ်စုတဲ့လူတွေကလည်း သိပ်ပြီးတော့ မဝယ်ကြတော့ဘူး” ဟု Summit Art Gallery မှ ပန်းချီမြင့်စိုးက ပြောကြားခဲ့သည်။

မြန်မာ့ပန်းချီဈေးကွက်သည် ပြည်ပဝယ်လိုအားကို ၉၀ ရာခိုင်နှုန်း အလေးထားနေရသည့်အတွက် ဒေါ်လာဈေးနှုန်း မြင့်မား မှုကြောင့် ဝယ်လိုအားမှာ တစ်ဖြည်းဖြည်း ကျဆင်းနေခြင်းဖြစ်ပြီး ယခုအချိန်အထိ ဦးမလှည့်နိုင်သေးကြောင်းပြောသည်။

လက်ရှိ ဇွန်လ ၁၇ရက် အမေရိကန်ဒေါ်လာပေါက်ဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၁၁၉၀ရှိပြီး ရွှေဈေမှာ ၇၄၇,၅၀၀ ပေါက်ဈေး ရှိနေသည်။

Gallery ပန်းချီဈေးကွက်တွင် ပန်းချီတစ်ကားနှုန်းသည် အနိမ့်ဆုံး နှစ်သိန်းမှ အမြင့်ဆုံး ၂၅သိန်းထိ ရှိသည်ဟု ပန်းချီမြင့်စိုးက သုံးသပ်ပြောကြားခဲ့သည်။ လောက နတ် ပန်းချီပြခန်းကလည်း ပန်းချီရောင်းအားသည် ၂၀၁၄ ခုနှစ်ကထက် ၇၀ ရာခိုင်နှုန်း ကျဆင်းလာလျက်ရှိပြီး ထိုသို့ရောင်းအားကျ ဆင်းခြင်းသည် ဖေဖော်ဝါရီတွင် စတင်ခဲ့သည်ဟု ပန်းချီ ကျော်ဖြူစံက သုံးသပ်ပြောကြားသည်။

ဟိုတယ်ဧည့်ခန်းများ၊ ဝယ်ယူစုဆောင်းသူများ၊ ပြည်ပဧည့်သည်များသာ အဓိကထားဝယ်ယူလေ့ရှိသည့် ပန်းချီကားဖြစ်သော် လည်း မြန်မာနိုင်ငံတွင် ဈေးကွက် မငြိမ်မသက်မှုများ၊ ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဝယ်ယူသူများသည် တစ်ဖြည်းဖြည်း နည်းပါးလာကာ ပန်းချီရောင်းချသူများအနေဖြင့် ယခင်ကထက် ပိုမိုရုန်းကန်နေရကြောင်း ပန်းချီရောင်းချသူများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly