အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ဘဏ္ဍာရေး ရန်ပုံငွေ ထားရှိရေး စီမံခန့်ခွဲမှုအဖွဲ့ သီးသန့်ဖွဲ့ပြီးမှ ဆောင်ရွက်နိုင်မည်

အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ဘဏ္ဍာရေး ရန်ပုံငွေ ထားရှိရေး စီမံခန့်ခွဲမှုအဖွဲ့ သီးသန့်ဖွဲ့ပြီးမှ ဆောင်ရွက်နိုင်မည်
မင်္ဂလာဒုံမြို့နယ် ငွေစင်ပုလဲ နို့ချက်စက်ရုံရှိ နို့စားနွားများ ထားရှိသည့် နေရာကို ၂၀၁၄ ဇွန် ၃၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၂ ။     ။ အသေးစား၊ အလတ်စား လုပ်ငန်းများဆိုင်ရာ ဥပဒေပါ ဘဏ္ဍာရေးကဏ္ဍ ရန်ပုံငွေ ထားရှိရေးဆိုသည့် အချက်ကို ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ကို သီးသန့် ဖွဲ့စည်းပြီးမှသာ လုပ်ကိုင်နိုင်မည်ဟု အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မဇ္ဈိမကို ပြောသည်။

“ ရန်ပုံငွေရရှိရေး အပိုင်းကို ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့ဆိုတာကိုတော့ သီးသန့် ထပ်ဖွဲ့မှာပါ။ အဲဒါကလည်း လုပ်ငန်းကော်မတီရဲ့ အောက်ပေါ့နော်။ အင်တာနေရှင်နယ်က ပြီးတော့ လှူတဲ့ငွေတွေပဲဖြစ်ဖြစ် ဒါတွေဆိုရင်လည်းပဲ ဒါတွေကို fund အနေနဲ့ ထားပြီးတော့ အသေးစား အလတ်စား ဖွံ့ဖြိုးမယ့် လုပ်ငန်းတွေမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု SMEs Development Center ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက မဇ္ဈိမကို ပြောသည်။

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေကြေးအထောက်အပံ့များရရှိနိုင်စေရန် နိုင်ငံတကာက ပေးမည့် စီမံကိန်း ထောက်ပံံ့ငွေများနှင့် SME ဖွံ့ဖြိုးရေး ဘဏ်ကလည်း ချေးငွေ ချပေးနိုင်မည့် အစီအစဉ်များကို ဆောင်ရွက်မည်ဟု သိရသည်။

SMEs များကို အခြားနိုင်ငံက ဘဏ်များကဲ့သို့ ထောက်ပံ့နိုင်မှသာ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အစိုးရကလည်း ကူညီထောက်ပံ့ပေးရန် လိုသည်ဟု လုပ်ငန်းရှင်များက ဆိုကြသည်။

“ ဘဏ်တွေက SMEs တွေကို သူများနိုင်ငံမှာ ထောက်ပံ့သလို ကျွန်တော်တို့ နိုင်ငံမှာ ထောက်ပံ့နိုင်ရင် ယှဉ်ပြိုင်နိုင်မှုမှာ တိုးတက်လာမှာပဲ။ သူများတန်းတူ လုပ်လို့ရတယ်။ ဒီအချိန်ကျရင် လုပ်ငန်းရှင်တွေက ခုသာခံသာ ရှိလာမှာပေါ့။ အခုအဲဒီ ကဏ္ဍကိုက မဖြစ်သေးဘူး” ဟု စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်၊ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

“ ဒါကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြောရမယ်ဆိုရင် ချေးငွေ ဆိုတာတော်တော်လေး ခက်ခဲတဲ့ ကိစ္စပေ့ါ။ ကိုယ့်ကိုယ်ပိုင် ပိုက်ဆံနဲ့ပဲ လုပ်ကိုင်နေကြတာပဲများတယ်။ ထပ်ပြီးတော့ ချဲ့ဖို့ဆိုရင် ဒီငွေကြေးထောက်ပံ့မှု အများကြီးလိုတယ်။ ဒီငွေကြေးထောက်ပံ့မှုဆိုတာ နိုင်ငံတော်အနေနဲ့ ချေးပေးမယ်ဆိုရင် အကောင်းဆုံးပဲပေါ့ နော်” ဟု စိမ်းလန်းစိုပြေကမ္ဘာ ကုမ္ပဏီလိမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေလင်းက မဇ္ဈိမကို ပြောသည်။

လက်ရှိ နိုင်ငံတွင်း၌ မှတ်ပုံတင်ထားသည့် အသေးစား၊ အလတ်စား လုပ်ငန်းပေါင်း လေးသောင်းကျော်ခန့် ရှိပြီး မှတ်ပုံတင်ထားခြင်း မရှိသေးသည့် လုပ်ငန်းပေါင်း တစ်သိန်းကျော်ရှိကြောင်း SMEs ဖွံ့ဖြိုးရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

အသေးစား၊ အလတ်စား လုပ်ငန်းများဆိုင်ရာ ဥပဒေကို ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly